ကမ္ဘာအကြောင်း။ က။
ထိုနှစ်ပါးတို့တွင်၊ သုညကမ္ဘာဟူသည်ကား ဘုရားမပွင့် တိတ်ဆိတ်သောကမ္ဘာ။ အသုညကမ္ဘာဟူသည်ကား၊ ဘုရားပွင့်၍ မတိတ်ဆိတ်သော ကမ္ဘာမည်၏။ အကျယ်အားဖြင့်၊ အသုညကမ္ဘာတွင် ငါးပါးအပြားပြားရပြန်ကား အသုညကပ္ပေါ၊ ပဉ္စဝိဓေါ၊ သာရကပ္ပေါ၊ မဏ္ဍကပ္ပေါ၊ ဝရကပ္ပေါ၊ သာရမဏ္ဍကပ္ပေါ၊ ဘဒ္ဒကပ္ပေါတိဟူ၍ ကျမ်းလာသောကြောင့်၊
၁။ သာရကမ္ဘာ၊ ဘုရားတစ်ဆူပွင့်သောကမ္ဘာ။
၂။ မဏ္ဍကမ္ဘာ၊ ဘုရားနှစ်ဆူပွင့်သောကမ္ဘာ။
၃။ ဝရကမ္ဘာ၊ ဘုရားသုံးဆူ ပွင့်သောကမ္ဘာ။
၎။ သာရမဏ္ဍကမ္ဘာ၊ ဘုရား လေးဆူပွင့်သောကမ္ဘာ။
၅။ ဘဒ္ဒကမ္ဘာ၊ ဘုရား ငါးဆူပွင့်သောကမ္ဘာဟူ၍ အကျယ်အားဖြင့် ငါးပါးပြန်လေသည်။
ကျွန်ုပ်တို့ယခုရှိနေသော ဤကမ္ဘာကား ဘဒ္ဒကမ္ဘာမည်၏။ ကမ္ဘာ၏ အမည်များကို ကမ္ဘာဦးတည်စ၌ ဗြဟ္မာတို့သည် ဆင်းသက်၍ ကြည်ရှု၍ နိမိတ်ဘတ်လျှက်၊ ဤကမ္ဘာသည် သာရ၊ မဏ္ဍ၊ ဝရ စသည်ဖြင့် မှည့်ခေါ်ကြလေသည်။ ထို့ကြောင့်၊ စကြဝဠာ၊ သင်္ချာတခန်း၊ ရေကြည်ဝန်းထက်၊ ပေါ်ထွန်းနွယ်ဆင့်၊ ကြာငါးပွင့်တွင်၊ နီရင့်ရောင်ရွှန်း၊ သင်္ကန်းငါးဆူ၊ နိမိတ်ယူ၍၊ မိုးသူဗြဟ္မာ၊ ထိန်းမှတ်လာသား၊ မဟာကပ္ပ၊ ဘဒ္ဒကဟု၊ သာလှမည်တွင်၊ ကျွန်းတွင်လက်ယာ၊ ဇမ္ဗူချာဝယ်၊ဟူ၍မင်းရဲကျော်စွာ အေးချင်း၌၄င်း။ ရှေးတည်းနှောင်းပျက်၊ အောင်မြေချက်ဝယ်၊ မြရွယ်ပဒုံ၊ ရှစ်စုံငါးပွင့်၊ ဆင့်ရရင့်ကြောင့်၊ တုံမြင့်မိုးသူ၊ နိမိတ်ဟူ၍၊ ငါးဆူပွင့်ရာ၊ မည်သာဘဒ္ဒ၊ သမိုက်ကျရှင့်၊ ဟုပလိပ်စားအေးချင်း၌၄င်း၊ လာသည်နှင့်အတိုင်း၊ ဤကမ္ဘာသည် ပရိက္ခရာ ရှစ်ပါး ငါးစုံပါသောကြောင့်၊ ငါးဆူပွင့်သော ကမ္ဘာဟုသမုတ်ကြလေသည်။ မှတ်ရန်။ ။ သုညကမ္ဘာထိုးသောအခါ၊ ဘုရားမပွင့်ဟုဆိုရာ ဘုရားသည် ကမ္ဘာအဆက်ဆက် ရှိသည်ပင်တည်း။
သို့သော်လူသတ္တဝါတည်းဟူသော၊ ဘူတရုပ်လောကကမ္ဘာကြီးသည် ရှိတော်မူသော ဘုရားကို မသိသောကြောင့်၊ ဘုရားမပွင့် ဘုရားမရှိဖြစ်သည်။ ယခု သာသနာတော်အတွင်း ကြုံကြိုက်ရသော်လည်း၊ ဘုရားကို မသိသောသူ၊ အသင်္ချေများလေသည်ဖြစ်၍ ကမ္ဘာသင်္ချေ၊ သုညဝေ၊ လုဆွေမပွင့်လင်းဟူသော ထွဋ်ခေါင်ဆရာတော် သံပေါက်အတိုင်း၊ သုညကမ္ဘာ ထိုးသောသူများလေသည်ဟုမှတ်လေ။
၁ ကော ၈း၅-၆ လာသည့်အတိုင်း၊ ဘုရားအဆူဆူ မြေကြီးပေါ်တွင် ခေါ်သော်လည်း မုချပရမတ္ထ ဧကံနိယံနိက၊ နိစ္စ၊ ဓူဝ၊ အစိန္တေယျ၊ ထာဝရဖြစ်တော်မူသော ဘုရားကိုယ်တော်မြတ်ကြီးကား၊ ကမ္ဘာ့ ကမ္ဘာတွင် တဆူတည်းသာ ရှိတော်မူလေသည်။ ထို့ကြောင့် ဆာလံ ၉၀း၁ ၌ကား တောင်များကို မဖေါ်၊ မြေကြီးနှင့် လောကဓါတ်ကို ဖန်ဆင်းတော် မမူမီ။ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။
တနည်း အိုထာဝရဘုရား ကာလအစဉ် အဆက် တည်ပါ၏ဟု ဆာလံ၁၀၂း၁၂ တွင်ဖေါ်ပြထားလေသည်။ ခ။ ကမ္ဘာပျက်ခြင်း သုံးပါး။ သတ္တသတ္တအဂ္ဂိနာဝါရ၊ အဌမေအဌမေဒေကာ၊ စတုသဌိယဒါပုဏ္ဏာ၊ ဧကောဝါယုဝါရောသိယာ။ ။သတ္တသတ္တဝါရ၊ ခုနှစ်ကြိမ် ခုနှစ်ကြိမ်။ အဂ္ဂိနာ၊ မီးဖြင့်။ လောကေ၊ လောကသည်။ ဝိနဿိ၊ ပျက်၏။ အဌမေ အဌမေ၊ ရှစ်ကြိမ် ရှစ်ကြိမ်မြောက် ကမ္ဘာ၌။ ဝါ၊ ကမ္ဘာသည်။ ဒကာဒကေန၊ ရေဖြင့်။ ဝိနဿိ၊ပျက်၏။ ယဒါ၊ အကြင်အခါ၌။ စတုသဌိ၊ ခြောက်ဆယ် လေးကမ္ဘာသည်။ ပုဏ္ဏာ၊ ပြည့်ကုန်၏။ တဒါ၊ ထိုအခါ၌၊ ဧကောဝါယုဝါယော၊ လေဖျက်သော ကမ္ဘာတကြိမ်သည်။ သိယာ၊ ဖြစ်ရာ၏။ ပမာ၊ ငွေတကျပ်တွင်၊ ပိုက်ဆံ ခြောက်ဆယ့်လေးပြားရှိရာ၊ တပြား တပြားကို မီးဖျက်သောကမ္ဘာအမှတ် အသားထား၍၊ ရှစ်ပြား ရှစ်ပြားမြောက် တမူးစေ့သော အခါတိုင်း၊ ရေဖျက်သော ကမ္ဘာမှတ်။ အဆုံး ခြောက်ဆယ့်လေးပြားစေ့၍ ငွေဒင်္ဂါးတကျပ်ကား လေဖျက်သော ကမ္ဘာမှတ်လေ။ ဤသို့အားဖြင့်။
၁။ တေဇောသံဝဋ္ဋ၊ မီးဖြင့်ဖျက်အံငှါ၊ နေတစ်ဆင်းမှစ၍၊ ခုနှစ်ဆင်းတိုင် ထွက်သဖြင့်၊ မြေကြီးသည် အကြွင်းအကျန်မရှိ၊ အထက်ကောင်းကင်နှင့်၊ အောက် ကောင်းကင် တစပ်တည်းဖြစ်အောင် ပျက်လေသည်ဟု သတ္တင်္ဂုတ္တသူရိယသုတ်၌လာ၏။
၂။ အာပေါသံဝဋ္ဋ၊ ရေဖြင့်ဖျက်ခြင်း။ ရှစ်ကြိမ်မြောက်၌တကြိမ်၊ ရေဖြင့် ဖျက်သောအခါ၊ အလွန်ခါးသော ငန်းသော မိုးကြီးရွာ၍၊ စကြာဝဠာ မဟာလောကဓါတ်ကြီးကို အကုန်ကြေမွစေပြီးလျှင်၊ အရည်ဖြစ်စေ၍ ပျက်လေ၏၊
၃။ ဝါယောသံဝဋ္ဋ၊ လေဖြင့်ဖျက်ခြင်း၊ ခြောက်ဆယ်လေးကြိမ်မှာ တကြိမ်၊ လေဖြင့်ဖျက်သောအခါ၊ အလွန်ပြင်းထန်သောလေတို့သည် ထ၍၊ စကြာဝဠာ မဟာပထဝီမြေကြီးကို အစိတ်စိတ်ကွဲစေလျှက်၊ မြင့်မိုရ်တောင်မင်းကိုလည်း ကြေမွစေလျှက်။ အလုံးစုံကွယ်ပျောက်လွင့်စေ၍၊ အထက်အောက်ကောင်းကင် တစပ်တည်းသာ စပ်လျှက်၊ ဟင်းလင်းအပြင် ကောင်းကင်အမိုက်ကြီးသာ အတိဖြစ်လေ၏။
မှတ်ရန်။ ။ အဂ္ဂိနာတဿရာဟေဌာ၊ အာပေနသုတကိဏှတော၊ ဝေဟပ္ဖလတောဝါတေန၊ ဧဝံလောကော ဝိနဿတိ။ ။အာဘဿရာ၊ အာဘဿရဘုံမှ။ ဟေဌော၊ အောက်၌။ အဂ္ဂိနာ၊ မီးဖြင့်။ ဝိနဿတိ၊ ပျက်၏။ သုဘကိဏှိတော၊ သုဘကိဏှိ ဘုံမှ။ ဟေဌာ၊ အောက်၌။ အာပေန၊ ရေဖြင့်။ ဝိနဿတိ၊ ပျက်၏။ ဝေဟပ္ဖလတော၊ ဝေဟပ္ဖိုလ်ဘုံမှ။ ဟေဌာ၊ အောက်၌။ ဝါတေန၊ လေဖြင့်။ ဝိနဿတိ၊ ပျက်၏။ ဤသို့အားဖြင့်၊ မီးဖျက်သောအခါ၊ အာကဿရဘုံအောက်၊ ရေဖျက်သောအခါ၊ သုဘကိဏှိ ဘုံအောက်။ လေဖျက်သောအခါ၊ ဝေဟပ္ဖိုလ်ဘုံအောက် ပျက်ကြောင်းမှတ်လေ။
Subscribe to:
Post Comments (Atom)