စန္ဒသူရိယမင်း၏ ကိုယ်စားဖြစ်လာသော ယတြာအရုပ်သည်၊ ၎င်းမင်းကွယ်လွန်သည့်နောက် ဓည၀တီရခိုင်ပြည်ကို အစိုးရသော လောက်ကြတ်မြို့၊ ဥဇနမင်းကြီး၏ သားတော် စောမွန်မင်းလက်ထက်တွင် သက္ကရာဇ် ၇၆၈ ခုနှစ်ကစ၍ ၂၁ နှစ်နှင့် ငါးလတိုင်တိုင် တလိုင်းမင်းတို့သည် အကြိမ်ကြိမ် တိုက်ခိုက်ကြသောအခါ ရခိုင်ဘုရင် မင်းစောမွန်သည် အနောက်မစ္ဈိမဒေသ၊ ပသီနိုင်ငံ၊ စူလတံ ရှင်ဘုရင်ထံသို့ ပုံးရှောင်ခိုအောင်းနေရကြောင်းကို၊ ပကိဏ္ဏက ရာဇ၀င် တစ်စောင်တွင် တွေ့ရလေသည်။
၎င်းအချိန်ကာလ၌ တလိုင်းလူမျိုးတို့သည် စန္ဒသူရိယမင်း၊ ယတြာအရုပ်ကို တွေ့မြင်လျှင် စိတ်မာန်ဒေါသရောက်၍ ၎င်းစန္ဒသူရိယမင်း၏ ကိုယ်စား အရုပ်ကြီးကို ခါးလယ်ပိုင်းကာ ငါးပိုင်းပိုင်းကာ ဖိုလ်နှင့်ထိုး၍ ဖျက်ဆီးခဲ့ကြလေသည်။ တလိုင်းလူမျိုးတို့ဖြင့် ကြိုးဖြင့်စွဲကာ ၎င်းနေရာနှင့် အတော်ဝေးသော တောအရပ်တွင် ချိုင့်တွင်းသို့ ပစ်ချခဲ့လေသည်။ ဤကဲ့သို့ ကျိုးပဲ့ပျက်စီးခြင်းအကြောင်းကို နောက်ရေးသားသော ရခိုင်ရာဇ၀င်၊ ရခိုင်ဧချင်းတို့၌ပြဆိုထားလေသည်မှာ ရှင်တော်ဂေါတမအလောင်း နုစဉ်အခါက မာန်အောင်ကျွန်းတွင် မင်းဖြစ်၍ တောင်သူတို့၏ ခြေလက်ပေါင်တို့ကို ချိုးဖဲ့ခဲ့ဘူးသော ၀ါပကကံ မင်းသားငါးယောက်တို့၏ နောက်ကျောကို နှုတ်ခဲ့ဘူးသော ၀ိပါကကံတို့ကြောင့် ဤကဲ့သို့ ဖျက်စီးခံရသည်ဟူ၍ ရေးသားထားကြလေသည်။
သီပေါ ရှင်ဘုရင်လက်ထက် ၁၂၄၅ ခုနှစ်တွင် နှောင်တန်ခူးလဆန်း ၁၂ ရက်နေ့၊ မန္တလေးမြို့ကို မီးလောင်သောအခါ ၎င်းမဟာမြတ်မုနိ ရုပ်တုလည်း မီးလောင်ရာပါ၍ အရည်ပျော်မတတ်၊ ကွဲအက်သည့်တိုင်အောင် ဖြစ်ရသည့်အကြောင်းကို၊ ဘယ်ဝိပါက ၀တ်အတွက်ဖြစ်ရသည်ဟု ရခိုင်ရာဇ၀င်ဧချင်းတို့၌ မဖေါ်ပြခဲ့။ ၎င်းအကြောင်းအရာကို ရှင်တော်ဂေါတမ နုစဉ်အခါက ဘယ်အမှုကို ပြုခဲ့သောကြောင့်၊ မန္တလေးနေပြည်တော်တွင် ကိုယ်စားတော် ရုပ်ပွားဤသို့ဖြစ်ရသည်ဟူ၍၊ ရဟန်းရှင်လူတို့က၊ သမိုင်းအဆက်ဆက် ရေးဦးမည်လား မသိနိုင်တော့ပေ။
၎င်းမဟာမြတ်မုနိ အကျိုးအပဲ့ဖြစ်ရခြင်းကိုကား မဟာရာဇ၀င်ကြီး၌ ပြဆိုသည်မှာ သက္ကရာဇ် ၄၈၀ ပြည့်နှစ်တွင် ၎င်းရခိုင်ပြည်ကို အုပ်စိုးသော လင်္ကျာနံမင်းနှင့်၊ ပေါက္ကံပြည်ကို အုပ်စိုးသော၊ နရပတိစည်သူမင်းတို့သည် မဟာမိတ်ဖြစ်၍ ၎င်းရုပ်တုကို မြန်မာ၊ ပြူ၊ တလိုင်း လူသုံးမျိုးတို့သည် ချိုးဖဲ့ဖျက်ဆီးခဲ့ကြောင်းကို ပြဆိုသည်။ ၎င်းအကြောင်းသည် မဟုတ်နိုင်ရာ အဘယ့်ကြောင့်ဆိုသော် အကယ်၍ အလောင်းစည်သူမင်း ပင့်ဆောင်၍ မရပါလျှင်၊ ရှင်တော်ဂေါတမကိုယ်စား ရုပ်ပွားတော်အား မရိုမသေ ချိုးဖဲ့ဖျက်ဆီး၍ ပစ်ခဲ့မည်မဟုတ်ချေ။
ရခိုင်ရာဇ၀င်ဟောင်းတစ်စောင်၌ တွေ့ရသည်မှာ ၎င်းနရပတိစည်သူမင်းသည် ရခိုင်ရှင်ဘုရင် စောမွန်မင်း၏ ညီတော်ဖြစ်သော မင်းစာရီနှင့် မဟာမိတ်ဖြစ်ကြ၍ သက္ကရာဇ် ၈၁၆ တွင် ရခိုင်ပြည်နှင့်  မြန်မာပြည်အကြား၊ ဘိုးခေါင်တော်ရိုးကို နယ်ပယ်အပိုင်းအခြား၊ သဘောတူ ဘုရင်နှစ်ပါးအရုပ်ကိုပြုလုပ်ကြောင်းကို ပြဆိုသည်။ မဟာမြတ်မုနိကို ပင့်ဆောင်သည်ဟု အရိပ်အမြွတ်မျှ မပြဆိုပါ၊ ဤကား မြန်မာရာဇ၀င်ကြီးနှင့် မညီဖြစ်သတည်း။ ဤကား မဟာမြတ်မုနိ ရုပ်တုအကြောင်းကို ပြဆိုခြင်းသက်သက်သာဖြစ်သတည်း။