ယခုရှိနေသော မန္တလေးမြို့တွင် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးသော တန်ဆောင်းပြဿဒ်တို့ဖြင့် ဆောက်လုပ်လျှက် ရဟန်းရှင်လူ၊ ပြည်သူအများတို့ အမြတ်တနိုးကိုးကွယ်နေကြသော မဟာမြတ်မုနိ ရုပ်တုအကြောင်းကို ယခုရဟန်းရှင်လူတို့ အယူအဆရှိသည့်အတိုင်း ပြောဆိုကြသည်မှာ။ ၄င်းမဟာမြတ်မုနိရုပ်တုသည် ရှင်တော်ဂေါတမ သက်တော်ထင်ရှားရှိစဉ်အခါက ဘုရားဖြစ်၍ ငါးဝါမြောက်တွင် ဓည၀တီရခိုင်ပြည်ကို နောက်လိုက်နောက်ပါ တပည့်သာဝကများနှင့် ရောက်လာပြီး သုံးဝါတည့်တည် ၀ါဆိုတော်မူပြီးကာလ စန္ဒသူရိယအား တရားဒေသနာ ဆုံးမသြ၀ါဒပေးတော်မူပြီးနောက်၊ စန္ဒသူရိယမင်းအား မိမိ၏ ကိုယ်စား ရုပ်ပွားသွန်းလုပ်စေတော်မူပြီးလျှင်၊ ရွှေရင်ငွေ့တော် ခုနှစ်လက်အုပ်ဖြင့်၊ အသက်သွင်းတော်မူခဲ့ကြောင်း၊ လူအပေါင်းတို့အား ပြောကြားလေသည်။
- ပြောကြားကြသော အရာများကို ဟုတ်သည်မဟုတ်သည်ကို မှန်စွာသိစေခြင်းငှါ။ ပိဋကတ်ကျမ်းဂန်လာ ပါဠိအစောင်စောင်တို့မှစ၍ အဌကထာ၊ ဋီကာဂဏ္ဍီယောဇနာ အစရှိသောကျမ်းတို့ကို သင်ကြားလေ့လာရှာဖွေ လိုက်ကြည့်ရာတွင် ထိုကဲ့သို့ပြောကြသည့်အတိုင်းကို မည်သည့်ကျမ်းဂန်တို့တွင်မှ မတွေ့ရသလို၊ ဆရာ အဆက်ဆက်တို့မှလည်း ပြောဆိုသံကို မကြားမိပါ။
- တွေ့ဘူးသည့်အကြောင်းမှာ ရှင်တော်ဂေါတမ သက်တော်ထင်ရှားရှိစဉ်အခါက ကောသဠမင်းကြီးသည် တောင်းပန်သဖြင့် စန္ဒသာရအမည်ရှိသောရုပ်တုအား ထုလုပ်ကြကြောင်းကိုတွေ့ရလေသည်။ ၄င်းကို ၀ဋ္ဋဂုင်္လိဇာတ် ၀တ္ထုတွင်တွေ့ရှိရသည်။။
- ၎င်းသုတ်ဝတ္ထုကိုလည်း အခိုင်အမာယူရမည်မဟုတ်ချေ၊ အဘယ့်ကြောင့်ဆိုသော် နောက်ပြဆိုခဲ့သော သုတ္တမဟာပဒေသာ ပါဠိတော်ကျမ်းကြီးသည် ကျမ်းကြီးကျမ်းခိုင်တို့၌ မပါ၊ မလုပ်အပ်ကြောင်း အကျိုးအကြောင်းမရှိကြောင်း၊ ပိတ်ပင်မြစ်တားထားသော အရာများနှင့် ထောက်စာညှိနှိုင်းလျှင် ၀ဋ္ဋင်္ဂုလိဇာတ်ဝတ္ထုကို အမှန်ယူဘို့ရာ မဟုတ်ကြောင်းကို ထင်ရှားလေသည်။
ထိုကဲ့သို့ပါဠိတော် ကျမ်းကြီးကျမ်းခိုင်တို့၌ မပါရှိပါပဲလျှက်။ အဘယ့်ကြောင့် ဘိုးတော်ရှင်ဘုရားမှစ၍ မင်းခြောက်ဆက်မြောက် သီပေါ မင်းဆက်တိုင်အောင်သာမက ယခုတိုင်အောင်ပင် ရဟန်းရှင်လူ အဆက်ဆက်တို့က ၎င်းမဟာမြတ်မုနိကို ရှင်တော်ဂေါတမ ရုပ်တုကိုယ်စား ရုပ်ပွားတော်ဟု အခိုင်အမာ ပြုလုပ်ပြီးလျှင် အယူရှိကြပါသနည်းဆိုသော်။ ဘိုးတော်ဘုရား၏ သားကြီး အိပ်ရှေ့ဥပဇာသည် သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ရခိုင်ဓည၀တီရှင်ဘုရင်၊ မဟာသမဒရာဇာနှင့် စစ်တိုက်ရာတွင် နှိမ်နှင်းအောင်မြင်တော်မူ၍၊ ရှင်ဘုရင်နှင့်တကွ မဟာမြတ်မုနိရုပ်တုကို၊ မြန်မာနိုင်ငံသို့ အနောက်ရခိုင်ပြည်၊ တောင်ကုတ်အရပ်မှ စွတ်ဖားကြီးနှင့် တင်ပြီးလျှင် အနောက်ရခိုင်ရိုးမတောင်ကို ကျော်၍ ယူလာရာ၊ ပြည်မြို့အောက် မြန်မာခရီးလေးတိုင်ခန့်လောက်ကွာသော ဧရ၀တီမြတ်၏ အနောက်ဖက်ကမ်း၊ ပန်းတောင်းမြို့သို့ ရောက်သဖြင့် ၎င်းပန်းတောင်းမြို့မှသည်၊ တဖန်ဖေါင်နှင့် တင်ဆောင်၍ အမရပူရမြို့ဆန်ဆက်ယူလာရာ၊ ၁၁၄၇ ခု၊ ကဆုန်လပြည့်ကျော် ၁၂ ရက်အင်္ဂါနေ့၌ ဆိုက်ရောက်လာလေတော့သည်။
လမ်းစခန်းတို့၌၊ အဖြစ်အပျက်တို့ကို အနည်းငယ်ပြဆိုရလျှင်၊ ၎င်းမဟာမြတ်မုနိရုပ်တုကို တင်ဆောင်သော စွတ်ဖားကြီးသည်၊ ရိုးမတောင်ပေါ်တွင် ပျက်စီးသောကြောင့်၊ ၎င်းတောင်ကို စွတ်ပျက်တောင်ဟု ယနေ့တိုင်ခေါ်ဆိုကြလေသည်။ ၎င်းမဟာမြတ်မုနိ ရုပ်တုကြီးကို ဖေါင်နှင့် ခယူရာကို ဖေါင်းခံရပ်ဟုခေါ်သည်၊ ကာလရွှေလျှားလသည့်နှင့်အမျှ ဖေါင်းခံဟုခေါ်သည်။ ၎င်းမဟာမြတ်မုနိ ရုပ်တုကြီးသည် အမရပူရမြို့သို့ရောက်ပြီးသည့်နောက်၊ နှစ်ပေါင်း ၂၆ နှစ်ကြာမှ မုံရွေးကျေးလက်၊ မုံရွာနေဗောဓိဒါယကာဟုခေါ်သော စာဆိုတော်ဦးနိုးသည်၊ ၁၁၃၇ ခုနှစ်တွင် အစိန္တေယံ၊ တန်ခိုးလျှံ၍ဟု အစချီသော သမိုင်းပျို့ကို လေးလုံးစပ် လင်္ကာကိုရေးသားစီကုံးသည်၊ ၎င်းလေးလုံးစပ်လင်္ကာကို ကြည့်၍ အစွဲပြုပြီးလျှင် တဆင့်ထက် တဆင့်ကဲမြင့်ပို၍ ပြောဆိုအယူရှိကြလေသည်များကို အတတ်သိရလေသည်။ ၎င်းသမိုင်းစာလင်္ကာအရဆိုလျှင်၊ ရှင်တော်ဂေါတမသည် ဘုရားဖြစ်၍ ၀ါနှစ်ဆယ်မြောက်တွင် ဓည၀တီရခိုင်ပြည်သို့ ကြွရောက်လာပြီးလျှင်၊ သုံးပါပါတ်လုံး သီတင်းသုံးနေတော်မူပြီးသည့်နောက်၊ ဒန္ဒသူရိယမင်းအား ကိုးကွယ်ဘို့ရာ၊ မိမိကိုယ်စား ရုပ်တုကို စန္ဒသူရိယမင်းနှင့်အတူ သွန်းထားတော်မူခဲ့ကြောင်းကို စပ်ဆိုသည်။
၎င်းပြင်လည်း တနည်းတွေ့ရသည်မှာ မင်းကွန်းရှင်ဘုရင် ကုသိုလ်တော်ဖြစ် ပြုလုပ်ထားသော လောကမာရ်ဇိန်ခေါ်၊ ပိဋကတ်သုံးပုံ ကျောက်ပြားချပ်စာတွင်၊ မြန်မာဘုန်းကြီးရဟန်းဆရာတို့ရေးသားထားခဲ့သည်မှာလည်း၊ ရှင်တော်ဂေါတမသည် ဘုရားဖြစ်၍ ငါးဝါမြောက်မှာ၊ ဓည၀တီရခိုင်ပြည်သို့ ကြွရောက်လာကြောင်းကိုပြဆိုသည်။ ဦးနိုးရေးသားစီကုံးသော လေးလုံးစပ် သမိုင်းဟောင်းပျို့လင်္ကာနှင့် မညီဖြစ်သည်။ ထို့ကြောင့် ၎င်းအကြောင်းအရာများကို စဉ်းစားဆင်ခြင်လျှင်၊ စာဆိုတော်ဦးနိုးရေးသားသော သမိုင်းဟောင်းပျို့လင်္ကာလည်း၊ ပိဋကတ်တို့ကို အထောက်အထားပြ၍ ရေးသားသည်မဟုတ်၊ မိမိတို့စိတ်ထင်သည့်အတိုင်း မဟာမြတ်မုနိရုပ်တုကို ချီးမြင့်၍ ရေးသားသော လင်္ကာပင်ဖြစ်လေသည်။ အဘယ်အရာကို ထောက်၍သိရသနည်းဆိုသော် ဦးနိုးရေးသားသော လင်္ကာ နိဂုဏ်းချုပ်စကားအားဖြင့် သိရပါသည်။
အဘယ်သို့နည်းဆိုလျှင်…
ရှာဖွေနှီးနွယ်၊
ဇာတ်အသွယ်သွယ်မှ၊
မကျယ်မကျဉ်း၊
စဉ်းစားညာဏ်နှင့်၊
ဆင်ခြင်ချင့်ချိန်၍၊
လင့်ပွင့်သံချို၊ စီကုံးဆို၏ ဟူ၍ ရေးသားသောကြောင့်၊ ထိုသို့ရေးသားသော လင်္ကာစကား၏ အဓိပ္ပါယ်မှာ ၎င်း မဟာမြတ်မုနိရုပ်တုလင်္ကာကို သူ၏ဥာဏ်အားဖြင့်၊ ကြံဖန်၍ရေးသားသည်ဟု ဆိုသောကြောင့် အလွန်ပင်သိသာထင်ရှားလှပေသည်။ ထို့ကြောင့် ၎င်းလင်္ကလာ၏ စကားအားဖြင့် မမှန်သော အရာဖြစ်ကြောင်းကို သိသာထင်ရှားလှပေသည်။ သို့ဖြစ်၍ ဤ ကျမ်းကို စီရင်ရေးသားသော ကျွန်ုပ်ဆရာ၏ ရည်ရွယ်ချက် စိတ်စေတနာမှာ အမှားကို အမှန်ပြုလုပ်ထားသည့်အရာကိုလည်း အမှားဖြစ်သည်ကို အမှားဖြစ်သည်ဟု သိစေလိုသည်က တစ်ကြောင်း၊ အမှန်ကို အမှားပြုလုပ်ထားသည့်အရာကိုလည်း အမှန်အတိုင်း သိစေလိုသည်ကတစ်ကြောင်း၊ အမှားကိုစွန့်ပယ်ကာ အမှန်ကိုရောက်ရေးရေးသားရခြင်းပင်ဖြစ်လေသည်။ ထိုသို့ဆိုသောကြောင့် ၎င်းမဟာမြတ်မုနိသည် ရှင်တော်ဂေါတမကိုယ်စား သွန်းလုပ်ထားသော ရုပ်တု မဟုတ်ကြောင်းကို သာ၍ပြဆိုပေဦးမည်။
စဉ်းစားဆင်ခြင်းတိုင်းထွာသော သဘောဖြင့်ကြည့်ပါ၊ ငါတည်းဟူသော မာရ်ဖြင့် မကြည့်မရှုပဲ မနေပါနှင့်။
ရှင်တော်ဂေါတမသည် ဘုရားဖြစ်ပြီး ၀ါနှစ်ဆယ်မြောက်တွင် ဓည၀တီရခိုင်ပြည်သို့ ကြွရောက်သည်ဟု စာဆိုတော် ဦးနိုးရေးသားခဲ့သော စာအတိုင်း ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိစသည်ဖြင့် သိရှိရန်ကတကြောင်း။ သို့တည်းမဟုတ် လောကမာရ်ဇိန် ကုသိုလ်တော်ကျောက်ပြားတွင် ဘုန်းတော်ကြီး ရဟန်းဆရာတို့ ရေးသားထားခဲ့သည့်အတိုင်း ငါးဝါမြောက်တွင် ရောက်ဆိုသည်ကို ဟုတ်သည် မဟုတ်သည်ကိုပြခြင်းအလို့ငှါ ကျမ်းဂန်အထောက်အထားနှင့်တကွ ရွေးနှုတ်၍ပြဆိုပေအံ့။
စဉ်းစားဆင်ခြင်သောသဘောဖြင့်ကြည့်ရှုပါ။ ဂေါတမသည် ငါးဝါမြောက်တွင် ဓည၀တီရခိုင်ပြည်သို့ မရောက်ပါ။ အဘယ်ကိုထောက်၍ သိရပါသနည်းဆိုသော်။ ပဉ္စမံဝေသလိံ ဥပနိဿယ မဟာဝနေ၊ ကုဋဂါရသာလာယံ။ ။ ဟူ၍၎င်း တထာဧကူနဂီသတိ မံပန၀ဿံရာဇဂဟေယေ၀၀တိ။ ။ဟူ၍၎င်း ဤသို့ မဟာဝါအဌကထာကျမ်း၌ ပြဆိုသောကြောင့် ဓည၀တီရခိုင်သို့ မရောက်ကြောင်းကို သိရသည်။
၎င်းပါဠိကို သိသာရန် မြန်မာလိုပြန်ဆိုရလျှင် ။ ။
- ပဉ္စမံ၊ ပဉ္စမ၀ါ၍။
- ဝေသာလိံ၊ ဝေသာလီမြို့ကြီးကို။
- ဥပနိဿယာ၊ အမှီပြု၍။
- မဟာဝနေ၊ မဟာဝုန်တော်၌တည်ရှိသောအတွင်း၌။
- ကုဋသာရ သာလာယံ၊ စုလစ်မွန်ချွန်တစ်သော ကုဋဂါရအမည်ရှိသော စရပ်၌။
- ၀သိ၊ ၀ါဆိုတော်မူ၏။
ဤကဲ့သို့ ရှင်တော်မဂေါတမသည်ဘုရားဖြစ်၍ ငါးဝါမြောက်သောအခါ၊ ဝေသာဠီပြည်၌သာ ရှိနေကြောင်းကို၎င်း၊ ၎င်းမှာ မဟာဝုန်တောတွင်ဖြစ်ကြောင်းကိုသာသိရလေသည်။
၎င်းဝါကပ်နေစဉ်အခါလည်း ကုဋန္တပုဏ္ဏားကို အကြောင်းပြု၍ ဧကနိပါတ်ဇာတ်ကို ဟောတော်မူသည်ဟူ၍လည်း ဆိုလေသည်။
ဒုတိယပါဠိအရ မြန်မာဘာသာပြန်ဆိုလျှင်။
- တထာ၊ ထိုမှတပါး။
- ဧကူန၀ီသတိ၊ တစ်ဆယ့်ကိုးဝါ၊
- ၀ါနှစ်ဆယ်ပြည့်မြောက်သောအခါ။
- ၀ဿပန၊ နှစ်တို့၌ကား။
- ရာဇဂဟေယေ၀၊ ရာဇဂြိုလ်ပြည်ကြီး၌သာလျှင်။
- ၀သိ၊ ၀ါဆိုတော်မူ၏။
ဤသို့ ပိဋကတ်မဟာဝါ အဌကထာကျမ်းတို့တွင်ပြဆိုသည်ကိုတွေ့မြင်ရလေသည်။
ထို့ကြောင့် ရှင်တော်ဂေါတမသည် ဓည၀တီရခိုင်ပြည်တွင်းသို့ မရောက်ကြောင်းကို သိရလေသည်။ရခိုင်ပြည်သို့ သုံးဝါတိတိသီတင်းသုံးသည်ဆိုသောစကားသည်လည်း မမှန်ကြောင်း သိမှတ်ပါလေ။ အကယ်၍ ရှင်တော်ဂေါတမသည် ဦးနိုးစပ်ဆိုသော လင်္ကာစကားသည် မဟုတ်မမှန်သာဖြစ်လေသည်။ အကယ်၍ ရှင်တော်ဂေါတမရှိစဉ်က ဓည၀တီပြည်ကို ဦးနိုးစပ်ဆိုသော သမိုင်းလင်္ကာအတိုင်းရောက်ပါစေဦး၊ စန္ဒသူရိယမင်းနှင့် တွေ့ရမည့်အချိန်ကာလမဟုတ်ချေ။
အကြေင်းဆိုရသော် ဓည၀တီရခိုင်ပြည်ကို ဒုတိယတည်ထောင်သော်မူသော တကောင်းမင်းရိုး၊ ကံရာဇာကြီးကစ၍၊ မင်းနှစ်ဆယ့်ရှစ်ဆက်မြောက်တွင်၊ ရှင်ဘုရင် သီရိရာဇာ၏ မိဖုရား ၀ိမလဒေ၀ီကုမ္မာရက မွေးဖွားမြင်တော်မူသော ဘုရင်သည် စန္ဒသူရိယမင်းဖြစ်သတည်း။ ၎င်းမင်းသည် ရှင်တော်ဂေါတမ ကွယ်လွန်သည့်နောက် နှစ်ပေါင်း ၁၀၂၂ နှစ်ခန့်ကြာမှ ဘုရင်အဖြစ်သို့ ရောက်သတည်း။ အဘယ်ကိုထောက်၍ သိရသနည်းဆိုလျှင်။ ရှင်ဂေါတမ၏ ဘိုးတော်ဖြစ်သော မဟာအဉ္စနမင်းကြီးသည် ကမ္ဘာသက္ကရာဇ်ကို၊ ပါဏသိန္ဓုကိန်းဖြင့်ဖြိုပြီးသည့်နောက်၊ မဟာသက္ကရာဇ် ၈၈ ခုနှစ်၊ နတ်တော်လဆုတ် ခုနှစ်ရက်တွင်၊ ဇဗ္ဗုတဇရာဇာဟူသော မင်းသည်၊ တကောင်းမြို့ကို တည်ထောင်သည်ဟု မဟာရာဇ၀င်ကြီးတွင် ပြဆိုထားလေသည်။
ဤအခါ ရှင်တော်ဂေါတမသည် ဘုရားအဖြစ်သို့ မရောက်သေး၊ အသက်နှစ်ဆယ့်ရှစ်နှစ်မျှသာရှိသေးလေသည်။ ကပ္ပိလ၀တ်ပြည်မှာ၊ ယသော်ဓရာ မင်းသမီးနှင့် ထီးနန်းစည်းစိမ်ကို ခံစားစံစားနေတော်မူလေသည်။ ထိုအချိန်တွင် ဓည၀တီရခိုင်ပြည်မှာ ဒုတိယတည်ထောင်တော်မူသော ကံရာဇာကြီးသည်၊ ၎င်းဇဗ္ဗုတဇမင်း၏ သားကြီးဖြစ်သည်နှင့်။ ၎င်းကံရာဇာကြီးမင်းမှစ၍ နှစ်ဆယ့်ရှစ်ဆက်မြောက်သော စန္ဒသူရိယ မင်းထီးနန်းစံသောနှစ် ကုန်အောင် တွက်စစ်၍ကြည့်လျှင် ၉၉၆ နှစ်ရသည်။ မဟာရာဇ၀င်ကျမ်းကြီးတွင် တချက်ပြဆိုသည်မှာ။ ရှင်တော်ဂေါတမ မရှိသည့်နောက် နှစ်ပေါင်းလေးဆယ်အတွင်းမှာ၊ ဒုတိယ တဖန် တကောင်းမင်းတို့သည် ထပ်မံ၍ တကောင်းမြို့ကို တည်ထောင်ပြန်သည်ဟုဆိုသည်ကတချက်။ ၎င်းပြင်လည်း တကောင်းမင်းဆက်ဖြစ်သော မဟာသမ္ဘ၀မင်းသည် ရှင်တော်ဂေါတမကွယ်လွန်သည့်နောက်၊ သာသနာသက္ကရာဇ် ၆၀ ပြည့်နှစ်တွင် သာရေခေတ္တရာပြည်မြို့၌ မင်းအဖြစ်သို့ ရောက်သည်ဟု ပြဆိုသည်ကတချက်။ ထို့ကြောင့် အထက်က တွက်စစ်ပြခဲ့သော မင်းနှစ်ဆယ့်ရှစ်ဆက်၊ နန်းစံသက္ကရာဇ် ၉၆၂ နှင့် သာသနာသက္ကရာဇ် ၆၀ ကိုရောလျှင် နှစ်ပေါင်း ၁၀၂၂ နှစ် အရေအတွက်ရသောကြောင့်။ ရှင်ဂေါတမနှင့် စန္ဒသူရိယမင်းသည် တွေ့ဘို့ရာ မဟုတ်ကြောင်း ထင်ရှားသိရပါသည်။ ၎င်းစန္ဒသူရိယမင်းနှင့် ထီးပြိုင်နန်းပြိုင်မင်းကို ဆိုလျှင်၊ ပေါက္ကံပြည်တွင် သမုဒ္ဒရဇ်မင်းမှစ၍ မင်းခြောက်ဆက်မြောက်ဖြစ်သော ယဉ်ပိုက်မင်း၏သားတော် သင်လီမင်းနှင့် ထီပြိုင်နန်းပြိုင်ကြသည်။ ထို့ကြောင့် မဟာမြတ်မုနိ ရုပ်တုသည် ရှင်တော်ဂေါတမကိုယ်စား သွန်းလုပ်ထားသော ရုပ်တုမဟုတ်နိုင်ရာ။ ၎င်းမဟာမြတ်မုနိ ရုပ်တုသည် ရှင်တော်ဂေါတမကိုယ်စား မဟုတ်ခဲ့လျှင် ဘယ်သူ့ကိုယ်စားသွန်းလုပ်ခဲသနည်း။
ထိုသို့မေးခဲ့သော် ၎င်းရုပ်တု၏ အဖြေသည်ကား ဓည၀တီပြည်နယ်ကို အစိုးရသော စန္ဒသူရိယမင်း၏ ကိုယ်စားရုပ်တုတော်ပင်ဖြစ်လေတော့သတည်း။
၎င်းမင်း၏ ကိုယ်စားရုပ်တုတော်ဖြစ်ကြောင်းကို အဘယ်သို့ပြောနိုင်ပါသနည်းဆိုသော်။ ရခိုင်သိုက်စာ၊ သမိုင်းမှတ်စုအားဖြင့်၎င်း။ ပန်းတောင်းရာဇ၀င်၊ ငါးမျှက်နှာစေတီသမိုင်း၊ တလိုင်းရာဇ၀င်အတိုမှတ်စု၊ စာအိုစာဟောင်း အရပ်ရပ်များတွင်၎င်း၊ ယနေ့ ဂမ္ဘီရစာအုပ်များတွင်လည်း တွေ့နိုင်လေသည်။ ၎င်းတို့တွင် စန္ဒာသူရိယမင်း၏ ရုပ်ပုံအကြောင်းကို ပြဆိုသည်မှာ၊ စန္ဒသူရိယမင်းသည် အသက် ၂၁ နှစ်တွင် နန်တက်တော်မူပြီးသည့်နောက်၊ အသက်တော် ၅၂ နှစ်ရှိသောအခါ နန်တော်မှာ ပျားစွဲသည်။ ၎င်းအပြင် ငလျှင်လှုပ်ခြင်း၊ နက္ခတ်င်္ဂြီုဟ်သွားတို့သည်လည်း၊ ထိုအခါ မမှန်သွားခြင်း၊ ပုပ္ပနိမိတ်တို့ကို တွေ့မြင်လျှင် စန္ဒသူရိယသည် စိမ်မငြိမ်မသက်ဖြစ်သည်။ ၎င်းအချိန်တွင်လည်း နီစပ်လျှက်ရှိသော တိုင်းနိုင်ငံဘုရင်တို့တွင်လည်း တဦးနှင့်တဦးတိုက်ခိုက်လုယူကြခြင်း၊ မိမိ၏ သားသမီး၊ မူးတော်မတ်တော် ဆွေတော်မျိုးတော်တို့မှစ၍၊ နိုင်ငံသူ၊ သားတို့သည်လည်း ထကြွပုန်ကန်ကြခြင်း အမှုကို မကြာမကြာပြုကြလေသောကြောင့် စိတ်တော်မရွှင်ရှိတော်မူလေသည်။
ထို့ကြောင့် မူးတော်မတ်တော်၊ ပညာရှိအပေါင်းတို့ကိုခေါ်၍ မေးမြန်းသောအခါတွင် ၎င်းဆရာတို့က မင်းကြီး၏ ဆန်းဇာတာတို့ကိုတွက်ချက်ကြည့်ကြကာ ရုပ်ထား၊ နာမ်ထား၊ ယတြာချေတော်မူရမည့်အကြောင်းကို လျှောက်ထားကြလေသည်။ စန္ဒသူရိယမင်းကလည်း သဘောကျတော်မူသည့်အလျှောက် အမတ်ပညာရှိတို့စကားအတိုင်း စီမံကြလေရာတွင် နန်းတွင်းရှိ မောင်းမမိဿံတို့၏ အသုံးအဆောင်ဖြစ်သော ဦးခေါင်းဆေးကြောရာသုံးသော ကြေးအိုး၊ ကြေးခွက်၊ ခြေဆေးခံ၊ လက်ဆေးခံတို့မှစ၍ နိုင်ငံတော်အတွင်းရှိ၊ ရဟန်း၊ ပုဏ္ဏား၊ မင်း၊ မူးမတ်၊ သူဌေး၊ သူကြွယ် ကုန်သည်၊ ဆင်းရဲသား၊ အပေါင်းတို့၏ အသုံးအစွဲပြုသော ကြေးအိုး၊ ကြေးခွက်၊ ခြေဆေးခံ၊ လက်ဆေးခံ အပေါင်းတို့ကို စုဆောင်းတော်မူပြီးလျှင်၊ မိမိကိုယ်စား မကိုဋ်သရဖူ၊ သင်းကျစ်မှအစပြု၍၊ မင်းမြောက်တန်ဆာ ငါးပါးတို့ဖြင့်ဆင်ယင်လျှက်၊ ရာဇပလ္လင်ပေါ်တွင် ညီလာခံထိုင်နေဟန်၊ ယတြာကိုယ်စား အရုပ်ကို အခါတည်သည့်နေနှင့်လျှော်ညီစွာ ရွေးချယ်၍ သွန်းလုပ်တော်မူလေသည်။ ၎င်းနှင့်တစ်ပြိုင်တည်း သွန်းလုပ်သော အရုပ်အမျိုးမျိုးတို့ကိုဆိုလျှင်၊ မြန်မာရှင်ဘုရင်နှင့်၊ ထိုင်းရှင်ဘုရင်၊ တလိုးရှင်ဘုရင်၊ အရုပ်တို့မှအစ မိဖုရားအရုပ် အမျိုးမျိုးတို့ကို၎င်း လူအမျိုးမျိုးတို့၏ အရုပ်ကိုလည်းကောင်း သွန်းလုပ်တော်မူလေသည်။ ၎င်းတို့အား နန်းတော်ပြင်ဘက် တံခါးဝနားနှင့်အနီးအနားမှာထားစေ၍ မြေတောင်တို့ဖြင့် ပြုလုပ်စေပြီး ၎င်းအပေါ်တွင် ရာဇပလ္လင်နှင့်တကွ တင်ထား၍ တပြိုင်နက်တည်း သွန်းလုပ်သော အရုပ်အမျိုးမျိုးတို့ကို ပတ်လည်နိပ့်သောအရပ်က၊ မိမိကိုယ်စားတော် အရုပ်ကို ဖူးမျှော်ကန်တော့ခစားနေသည့်ဟန်ဖြင့် စီစဉ်ချထားတော်မူပြီးလျှင် အမိုး၊ တန်ဆောင်းနှင့် တကွာ တံတိုင်းမီးထားကာရံ၍ ထားလေသည်။ မိမိသားတော်နှင့် သမီးတော်၊ ဆွေတော်မျိုးတော်၊ မူးတော်၊ မတ်တော်၊ အပေါင်းတို့သည်လည်း ညီလာခံဝင်တော်မူလျှင် ၎င်းရုပ်တုကို ဦးသုံးကြိမ်ချစေပြီးမှ ညီလာခံဝင်စေလေသည်။ နန်းတွင်းရှိ မိဖုရားတို့နှင့်တကွ မောင်းမမိဿံတို့သည်လည်း တနေ့သုံးကြိမ်ထွက်၍ ရှိခိုးဦးချစေသည်။ ထို့အပြင် တပါးနိုင်ငံမှ လာရောက်ကြသော နိုင်ငံသားအပေါင်းတို့မှစ၍ လူမျိုးအပေါင်းတို့သည်လည်း ၀င်ရောက်လာလျှင် ၎င်းအရုပ်ကို ဦးချညွတ်တိုက်ပြီးမှသာ ၀င်ရောက်ခွင့်ပြုလေသည်။ ၎င်းယတြာ အရုပ်ကိုလည်း မဟာရာဇာမုနိဟူ၍ အမည်ပေးတော်မူလေသည်။ ၎င်းအမည်၏ အဓိပ္ပါယ်မှာ၊ မဟာရာဇ၊ မင်းအပေါင်းတို့ကို၊ မုနိ၊ အစိုးရတော်မူသောမင်းဟူ၍ အဓိပ္ပါယ်ရလေသည်။
၎င်းနောက် မြန်မာပြည် အမရပူရမြို့သို့ရောက်မှ၊ ရာဇဟူသော အမည်ကိုဖြုတ်လေသည်။ မဟာမုနိဟူသော အမည်ဖြင့်ခေါ်သမုတ်ကြလေသည်။ မဟာမြတ်မုနိခေါ်သောအမည်မှာ ယခုနောက်မှ မည့်ခေါ်သော အမည်ဖြစ်သည်။ ၎င်းမဟာရာဇမုနိဟူသော အမည်ကို ပယ်ဖျက်၍ မဟာမုနိဟူသော အမည်ကို အဘယ့်ကြောင့်မည့်ရသနည်းဆိုသော် ဘိုးတော်ဘုရားသားတော် ဥပရာဇအိမ်ရှေ့မင်းသည်၊ ၎င်းယတြာအရုပ်ကို ရှင်တော်ဂေါတမကိုယ်စားရုပ်ပွားထင်မှတ်တော်မူ၍ ပင့်ဆောင်လာသောအချိန်ကာလတွင်လည်း ၎င်းအရုပ်ကို ရခိုင်ပြည်မှာလည်း ဘုရားအမှတ်ဖြင့် ကိုးကွယ်နေကြသောကြောင့်ပင်ဖြစ်လေသည်။ အထူးမှတ်ရန် ၎င်း မဟာမြတ်မုနိ ရုပ်တော်ကိုမြင်ဘူးသောသူအများက ဤအရုပ်သည် မင်းအရုပ်နှင့်တူသည်၊ ဘုရားအရုပ်နှင့်တူသည်ကို သိဟိုဠ်လာ ဒက္ခိဏသာခါ ပုံစံအတိုင်း၊ မြန်မာနိုင်ငံတွင် ထုလုပ်ကိုးကွယ်ကြသော ရုပ်တုတို့တွင် နှိုင်းယှဉ်ကြည့်ပါလေ၊ မျက်စိထက် ဘုရားမမှန်နှင့် ဆိုသော စကားပုံကို ဆိုသုံးကြပါသနည်းဆိုရလျှင်၊ ၎င်းမဟာမြတ်မုနိအရုပ်သည်၊ အမရပူရမြို့တော်သို့ ရောက်သောအခါကာလတွင် လူအများတို့သည် အချို့ကမင်း၊ အချို့က ဘုရားရုပ်ဟူ၍ အငြင်းအခုံပြုလုပ်ကြသည်ရှိလေသတည်း။
ထို့ကြောင့် ၎င်းစကားပုံကို သုံးကြလေသည်။ ထိုကဲ့သို့ နှစ်ကာလရှည်လျှားလာသောအခါတွင် လူများက အမှန်ကိုပြောင်း၍ အလွဲထင်မှတ် ပြုလုပ်တတ်ကြသည်ကို မြန်မာ ရာဇ၀င်တို့၌လည်း များစွာ တွေ့ရလေသည်။
အနော်ရထာမင်းသည် မိဖုရားအား အလွန်ချစ်မြတ်နိုးတော်မူသည့်အတွက် မိဖုရားဆုံးပါးသွားသောအခါ ၎င်းမိဖုရားအလောင်းကို မိတ္ထိလာကန်ဘောင်ရိုးတွင် မြူတ်ထားပြီးလျှင် အပေါ်က ၎င်းမိဖုရားပုံသဏ္ဍာန်နှင့် အရုပ်ကို ထုလုပ်၍ထားလေသည်။ နှစ်ကာလကြာလေသောအခါတွင် မြန်မာလူမျိုးတို့က ၎င်းမိဖုရားအရုပ်ကို နတ်သမီး ကန်စောင့်နတ်ထင်မှတ်၍ တင်မြောက်ပသ ကိုးကွယ်ကြလေသည်။ ၎င်းနောက် ၀န်စည်သူကြီးသမက်ဖြစ်သော အမတ်ကြီး ဘိုးရာဇာအား ၎င်းအရုပ်အကြောင်းကို ဘုရင်မင်းက မေးသောအခါတွင် မူလက ၎င်းအရုပ်သည် မိတ္ထိလာကန်ကိုစောင့်သော နတ်သမီး၏ အရုပ်မဟုတ် မိဖုရား၏ အရုပ်ဖြစ်ကြောင်းကို လျှောက်ထားသောအခါမှ၊ လူအများတို့က သိရကြောင်းကို မဏိပူရတနာပုံစာတွင် ပြဆိုသည်၊
ထိုကဲ့သို့အမှန်ကို သိရအောင် အဘယ်အရာမဆို စဉ်းစားခြင့်ချိန်ကာ တိုင်းထွာယူရမည်။ မှတ်သားရမည်။ ယုံကြည်ရမည်၊ မစဉ်းမစား၊ ကျီးကန်းခြေသံကြား ဆိုသော စကားပုံကဲ့သို့ မဖြစ်နိုင်စေရာ။ အများအားဖြင့်ဆိုလျှင် စုံစမ်းခြင်းမရှိ၊ တိုင်းထွာခြင်းမရှိ၊ အလွယ်ထင်မှတ်ကာ လွဲမှားစွာ ယူတတ်ကြလေသည်။