မဖြေနိုင်ဟုမေးသောမေးခွန်းများ အဖြေ ( ၂ )




၉။ လူသားတို့ကို မေတ္တဂရုဏာတော်ဖြင့် ဖန်ဆင်းသည်ဟု ဆိုပါက မည်သူတစ်ဦးကမျှ မလိုချင် မတောင့်တ ( အို၊ နာ၊ သေ) ဒုက္ခဆိုးကြီးကိုပါ ဘာ့ကြောင့်ဖန်ဆင်းခဲ့ပါသနည်း။ ထာဝရ ဘုရား၏ မေတ္တာကို ရှင်းပြပါ။

၁၀။ မွေးခြင်း၊ သေခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ ကြေကွဲခြင်း စသည့်အရာရာတိုင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်းသာ ပြုရမည်ဟုဆိုပါက သူတစ်ပါး၏ စော်ကားခြင်းခံရသော အမျိုးသမီးတစ်ဦး၏ အဖြစ်ဆိုးသည် ဘုရားသခင်၏ အလိုတော်အတိုင်းဟု သဘောသက်ရောက်ဖွယ်ရှိပါသည်။ ဤသို့မှန်ကန်ပါက ဘုရားသခင်၏ ဂရုဏာတော်သည် မည်သို့နည်း။

မေးခွန်း ၈ ၊ ၉ နှင့် ၁၀ အတွက်အဖြေ။

ပိဋကတ်ကျမ်းလာအရ ၊ ရှင်တော်ဂေါတမဗုဒ္ဓက "ရဟန်းတို့ ဤသံသရာ ဝဲဩဃ၏ အစကိုမသိနိုင်၊ အဝိဇ္ဇာဖုန်းကွယ်အပ်ကုန်သည်ဖြစ်၍၊ တဏှာနှောင်ကြိုးဖြင့်၊ ဖွဲ့အပ်ကုန်သည်ဖြစ်၍ ဤဘဝမှ ထိုဘဝ၊ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရသည့် သတ္တဝါတို့၏ ရှေးရှေးဘဝအစွမ်းသည် မထင်နိုင်" ( မသိနိုင်)။ အနမတဂ္ဂသံယုတ်။
တောင်ငူမြို့၊ အိုးကုန်းတိုက်နေ သင်္ဃာတော်ထံပေးစာတွင်" ရှင်တော်တို့က၊ လူ၏အစ၊ ဗြဟ္မာကဟု ဖြေမည်ကိုသိသည်နှင့် ဖြေမေးလိုက်သည်ကား။ ဗြဟ္မာက လူဘွားသည်မှန်လျှင်၊ ထိုဗြဟ္မာသည်လည်း ဗြဟ္မာမဖြစ်မီက ရှေ့ဦးစွာ လူဖြစ်ရမည် မဟုတ်လော။ လူဖြစ်ပြီးမှ ဒါန၊ သီလ၊ ကုသိုလ်အရှိန်အဟုန်ကြောင့် ဗြဟ္မာဘုံသို့ရောက်ရကြောင်းကို ကျမ်းဂန်များ၌ တွေ့ရသည် မဟုတ်ပါလား။ ဟုတ်လျှင် လူ၏အစသည် အဘယ်ကနည်း။
တဖန် ဓါတ်လေးပါးဖြင့် ပြုပြင်သည်မှန်လျှင် ၄င်းတို့က အယ်သို့နည်း။ ဖြစ်လျှက်ရှိသော ဓါတ်ဟူသည်ကား မြေကို အမ၊ မိုးကို အဖို၊ ရေကို သန္ဓေ ဆယ်လေတံ တကံဖြစ်ရဟူ၍ လာသည် မဟုတ်လော"သို့ကိုထောက်လျှင် ဗြဟ္မာအစလော။ ဓါတ်အစလောဟု မေးရန်တပြန်ရှိလေသည်။ ( တောင်ငူမြို့၊ အိုးကုန်းတိုက်နေ သင်္ဃာတော်ထံပေးစာ)။တရားတော်အကြောင်း။ကမ္ဘာဦးသူတို့သည်၊ ပီတိတည်းဟူသော အစာကိုမှီဝဲလျှက်၊ အသက်အသင်္ချေယျ လွန်ပြီးမှ၊ မြေတွင် ဟိုမှာတကွက်၊ သည်မှာတကွက် ပေါ်ထွက်သော မြေဆီကို ( ရသ ပထဝီ) တယောက်သောသူသည်၊ လက်ချောင်းဖြင့် ယူ၍စား၏။ ထိုမြေဆီသည် တသောင်းခုနှစ်ထောင်သော အကြောမတို့ကိုနှံ့၍ တည်၏။ ထိုသူ၏ အတုကို တပါးသော သူတို့လည်းလိုက်၍ပြု၏။ ထိုအခါ ဇီဝှါဝိညာဉ်သည်ဖြစ်လေ၏။ ထိုသူတို့ တပ်သောတဏှာစိတ်တို့ကြောင့်၊ မိမိတို့၏ ကိုယ်ရောင်ကိုယ်ဝါသည် ကွယ်၍၊ ကောင်းကင်ခရီးဖြင့်သွားခြင်းငှါလည်း မစွမ်းနိုင်ကုန်။ သူတို့၏ ကိုယ်သည်လည်း၊ ဖေါက်ပြန်ခဲ့သည်နှင့် ၊ အချို့တို့သည်၊ အဆင်းလှကုန်၏။အချို့တို့သည်၊ အဆင်းမလှကုန်။ အဆင်းလှသောသူတို့သည်၊ မလှသောသူတို့အား ကဲ့ရဲ့ရှုတ်ချကြကုန်၏။ ထို့နောက်မှ မြေဆီ ( ရသပထဝီ)သည် ကွယ်လေ၏။ ထိုမြေဆီနောက်၊ မြေမှ အလိုလိုပေါ်ပေါက်လာသော မှိုသဏ္ဌာန်မြေလွှာ (ဘူမိပပ္ပဋက) သည်ထင်ရှားဖြစ်၏။ ထိုမြေလွှာကိုပင် စားလျှက်နေကြကုန်၏။ ထိုအခါ၊ ထိုသူတို့သည်၊ အလွန်မာန်မူ၍ အဘိမာနဖြင့်၊ တပါးသော သူတို့ကို ချိုးဖဲ့ကြကုန်သည်ဖြစ်၍၊ မြေလွှာသည် ကွယ်ပြန်ရာ၊ အလွန်ချိုသော နွယ် ( ပဒါလတာ) ကိုစားကြကုန်၏။ ထိုနွယ်ချိုကွယ်ပြန်သောအခါ၊ ဆန်လုံးသက်သက်ဖြင့် သီးသော သလေးဆန်ကိုယူ၍စားကြကုန်၏။ ထိုသို့ရုန့်ရင်းသော သလေးဆန်ကိုစားသဖြင့်၊ ၄င်းအစာ၏ စွန့်ပစ်ရာ၊ ဝစ္စမဂ်ပသာဝမဂ်တို့သည် ထင်ရှားပေါ်လျှက် ဣတ္ထိလိင်၊ပုလ္လိင်တည်းဟူသော မိန်းမ၊ ယောင်္ကျားတို့၏ သဏ္ဌာန်သည် ထင်ရှားဖြစ်လေ၏။ ထိုအခါ ယောင်္ကျားသည် မိန်းမကို၎င်း၊ မိန်းမသည် ယောင်္ကျားကို၎င်း၊ အခါလေးမြင့် တစိန်းစိန်းကြည့်ရှုသဖြင့်၊ ကာမရာဂ စိတ်တို့သည် အားကြီးစွာ ဖြစ်ပေါ်လာသဖြင့်၊ မေထုန်အမှုကိုပြုကြကုန်၏။ ထိုအမှုကိုမြင်သော ပညာရှိတို့သည် စက်ဆုပ်သဖြင့်၊ တံတွေးဖြင့်ထွေးခြင်း၊ပြာ၊ခဲတို့ဖြင့်ပစ်ပေါက်ခြင်း၊ ကဲ့ရဲ့ခြင်းကိုပြုကြကုန်၏။ ထိုအခါ ကွယ်ဝှက်လိုသောငှါ၊ အိမ်ယာဆောက်ခြင်းပြုလုပ်၍ မိမိတို့အင်္ဂါကို ဖုံးလွှမ်းဘို့ရာလည်း၊ ကပ္ပရုက္ခတည်းဟူသော ပဒေသာပင်မှ အဝတ်တို့နှင့် ကိုယ်ကိုဖုံးလွှမ်းကြလေ၏။ ဤနေရာတွင် လူသားအစ၌ အို၊ နာ၊ သေခြင်း မရှိသည်ကို တွေ့နိုင်ပါသည်၊ ထိုနောက်လူတို့၏ ဆိုးညစ်သော အပြစ်တရားကြောင့် အဆွေများ၏ ကျမ်းဂန်တွင်ပင် ဆိုထားသည်ကို မမေ့သင့်ပါပေ။

၁၁။ သာမန်ထူးချွန်သော လူပုဂ္ဂိုလ်ပင်လျှင်၊ ထူးချွန်လာဖို့ကြိုးစားဖြတ်သန်းလာခဲ့ရသည့် ခိုင်လုံသော အတ္ထုပ္ပတ္တိသည်ရှိ၏။ ယခုကဲ့သို့ တုနှိုင်းမမှီသော ဘုရားတစ်ဆူဖြစ်ဖို့ ထူးခြားစွာကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အတ္ထုပ္ပတ္တိသည်ရှိသင့်လှပေသည်။ ရှိကဖေါ်ပြပါ။ အကျိုးတရားတစ်ခု တစ်ခုတိုင်းတွင် အကြောင်းတရားသည်ရှိ၏။ အကြောင်းတရားမရှိက အကျိုးတရားပေါ်ရိုးထုံးစံရှိပါသလား။ အခိုင်အမာဖြေကြားပေးပါ။

မှန်သောဘုရားသခင်၏ဂုဏ်အင်္ဂါလက္ခဏာများကိုပြခြင်းအကြောင်းကား  အစိန္တေယျ၊ အပ္ပမေယျ ကျေးဇူးတော်အစုံ ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားဟူ၍ ရဟန်း၊ ရှင်လူ အပေါင်းတို့သည် ပမာဏပြု၍ ဘုရားသခင်ကို ရှိခိုးကြပေသည။ မိမိကိုးကွယ်သော ဘုရားသခင်သည် အစိန္တေယျ၊ အပ္ပမေယျ၊ ဂုဏ်တော်လက္ခဏာအပေါင်းတို့နှင့်၎င်း ကျေးဇူးတော်ဂုဏ်တော်အပေါင်းတို့နှင့်၎င်း ပြည့်စုံမှသာလျှင်၊ မှန်သောဘုရားကို ကိုးကွယ်ရာဖြစ်ပေလိမ့်မည်။ အစိန္တေယျ၊ အပ္ပမေယျဟုဆိုသော မာဂဓ ပါဠိဘာသာစကားကို မြန်မာလို အဘိဓါန်ကျမ်းလာရှိသည့်အတိုင်း ပြန်ဆိုရလျှင် အစိန္တေယျ သဒ္ဒါ၊ မကြံစည်အပ်ခြင်း၊ အပ္ပမေယျသဒ္ဒါ မနှိုင်းယှဉ်အပ်ခြင်းဟူ၍ အဓိပ္ပါယ်ရလေသည်။ ဤသို့မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်မှသာလျှင် ဘုရားမှန်ဟုယးအပ်ပါသည်၊ မှန်သောဘုရား၌ အစိန္တေယျ သဒ္ဒါ ၊ အပ္ပမေယျ သဒ္ဒါ နှင့်အညီ မှန်သောဘုရား၌ လူအပေါင်းတို့ထက်ထူးကဲသော၊ သို့မဟုတ် သာလွန်တော်မူသော ဂုဏ်ထူးဝိသေသတို့ကို အကျဉ်းချုပ်၍ ပိဋကတ်တို့ကပြဆိုသည့်အတိုင်း ဖွင့်ပြပေအံ့။ အစိန္တေယျသဒ္ဒါ၊ အပ္ပမေယျသဒ္ဒါတို့နှင့်အညီ၊ ဂုဏ်တော်၏ အချုပ်ကိုဆိုရပါလျှင် လေးပါးရှိလေ၏။

           ၁.ရူပအစိန္တေ၊  ရုပ်အင်္ဂါအား မကြံစည်အပ်ခြင်း၊ မကြံစည်ထိုက်။

          ၂.ဣဒ္ဓိအစိန္တေ၊  တန်ခိုးအရာအား မကြံစည်အပ်၊ မကြံစည်ထိုက်။

         ၂. ဥာဏအစိန္တေ၊ ညာဏ်တော်အရာအား မကြံစည်အပ်၊ မကြံစည်ထိုက်။

         ၄. ၀ါစအစိန္တေ ၊ စကားတော်အရာအား မကြံစည်အပ်၊ မကြံစည်ထိုက် ... စသော တရားများကို အစဉ်အောက်မေ့ပါလေ..



၁၂။ ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်းသိကြပါသည်။ သင်ကိုယ်တိုင်လည်း ဒုက္ခရှိတာငြင်းချက်မရှိသေချာ၏။ ဒုက္ခဖြစ်စေနိုင်သည့် ဤခန္ဓာကို ထာဝရ ဘုရားက ဖန်ဆင်းပေးသည်ဆိုပါက ဒုက္ခဖြစ်ရခြင်းရင်းမြစ်၊ ဒုက္ခဖြစ်အောင် ပြုလုပ်ပေးသူမှာ ထာဝရ ဘုရားပင်ဖြစ်မနေဘူးလား။ ကျေးဇူးရှင်ဟုခေါ်မလား စဉ်းစား၍ဖြေကြည့်ပါ။

အထက်တွင်ဖေါ်ပြခဲ့သော အဖြေနေရာကို တကြော့ပြန်သွားလိုက်ပါ အဘယ့်ကြောင့် ကျေးဇူးရှင်ဟု ခေါ်ရသနည်း ယခု ကျွန်ုပ်တို့ ရင်ဆိုင်နေရသော အရာအားလုံးတို့သည် မနာခံခြင်းတို့မှ လာသော အကျိုးတရားများမှ ဖြစ်သောကြောင့် ဘုရားရှင်အား အပြစ်တင်ယိုးမယ်ဖွဲ့ရန်မှာ လုံးဝ သင့်လျှော်မှန်ကန်ခြင်းမရှိပါလေ။

            ၁။ သင့်အား လူ့လောကသို့ လူသားတဦးဖြစ်ရန် ကျွေးမွေးပြုစုခဲ့ကြသော မိဘနှစ်ပါးအား အပြစ်တင်ခြင်းသည် ကုသိုလ်တရားလား၊ သို့တည်းမဟုတ် အကုသိုလ် တရားလားဟူ၍ ဦးစွာဖြေကြားပေးပါရန် တောင်းဆိုပါရစေ။
            ၂။ မိဘများအား အဘယ့်ကြောင့် ကမြင်းကျောထကာ ကျွန်ုပ်ကို မွေးသနည်းဆိုပါက။ မွေးသမိခင်သည် ဝမ်းမြောက်နိုင်ပါမည်လော။
             ၃။ ထိုသို့မေးခြင်းသည် မြန်မာ့ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာရေး ရှု့ထောင့်အရသော်လည်းကောင်း၊ လူမှုရေး ရှု့ထောင့်အရသော်လည်းကောင်း သားကောင်းသမီးကောင်း တဦးအနေဖြင့်မေးသင့်သော မေးခွန်းဖြစ်ပါသလား ဆိုသည်ကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် သတိချပ်စေရန်မေးခွန်းမေးချင်ပါသည်။

၁၃။ ထာဝရ ဘုရားသာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေ့ကြုံနိုင်ပါသလား။ ဤဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ သားရေး၊ သမီးရေး၊ အိုရေး၊ နာရေး၊ သေရေး ဒုက္ခအစုစုတို့ကိုဖြစ်ကြသည်မှာ မည်သူငြင်းနိုင်ပါအံ့နည်း။ စဉ်းစား၍ သဘာဝကျကျ ငြင်းချက်ထုတ်ပြပေးပါ။

ဘုရားရှင်က ကောင်းရာမွန်ရာ ဘဝဖြင့်ထားသောလူသည် မနာခံခြင်းကြောင့်ရလာသော ရလာဒ်အား အပြစ်တင်ခြင်းသည် လုံးဝမသင့်တော်ပါ။
ဗာလာနံ လူမိုက်တို့သည် ပုစ္ဆေ အမေးတို့၌ ပီယေ၊ ပီယေ သာယာဖွယ်စကားတို့ကို ဆိုတတ်၏ ဆိုသော လောကနီတိ စကားတို့ထက်။ အကြောင်းအရင်းတခုကို မမေးမမြန်းပဲ အပြစ်တင်ရန်ဆန္ဒစောသောသူသည် သာ၍ပင် မိုက်မဲရာ ရောက်ပေသည်။ အဆွေမေးသော ပုစ္ဆာအမေးသည် အမှန်အားဖြင့် အဘယ့်ကြောင့် ဒုက္ခဆင်းရဲ ရောက်ရသနည်းဆိုပါက သာ၍သင့်လျှော်သော မေးခွန်းပင်ဖြစ်သောကြောင့် လောကီလူသားအားလုံးတို့အတွက် ထိုအမေးသည် သာ၍အကျိုးထူးသော မေးခွန်းပင်ဖြစ်လေတော့သည်။
သမ္မာကျမ်းစာအတိုင်း ဖြေရပါက ဘုရားရှင်သည် မေတ္တာရှင်ဘုရားဖြစ်သည့်အားလျှော်စွာ လူသားတို့အား အို၊ နာ၊ သေခြင်းကင်းရာ ဘဝဖြင့် ဖန်ဆင်းပေးခဲ့ပါသော်လည်း လူသည် ဘုရားမကြိုက် အမှားလိုက်ကာ သမ္မာတရားမှသွေဖယ် မာရ်နတ်စကားကို ခင်တွယ်မိရာမှ ဤ အဆွေမေးသော ဆိုးကျိုးများကို ခံစား၊ ရင်ဆိုင် မရှုနိုင်၊ မကယ်နိုင် ဖြစ်နေကြရခြင်းပင်ဖြစ်လေတော့သည်။

ထို့ကြောင့် မေးခွန်း နံပါတ် ၁၁ တွင်ရှိသော အဖြေလွှာကိုလည်း ထပ်၍ကြည့်ပါဟု ရေးသားရင်း ဤနေရာတွင် ဤအမေးအတွက် နိဌိတံ လိုက်ရပါသည်။

၁၄။ အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာဖြစ်တော့၏။ ဥပမာ – သင့်အပေါ်စော်ကားချင်တိုင်း စော်ကားသောလူ၊ ယုတ်မာအပြစ်မှလွတ်အောင် ဘုရားသခင်ထံ ချဉ်းကပ်ဆုတောင်း၍ ဘုရားသခင်သည် လူယုတ်မာ၏ အပြစ်ကိုခံယူပြီး ထိုလူယုတ်မာ အပြစ်သားကို ခွင့်လွတ်ကယ်တင်ပါလျှင်၊ သင်ဘယ်လိုခံစားရမည်နည်း။ အဓိပ္ပါယ်ရှိသလား။ ရှင်းပြပါ။ ဥပမာ – သင်ကိုယ်တိုင် ဆူးပေါ်တက်နင်းပြီး ဖြစ်ပေါ်လာတဲ့နာကျင်မှုဒဏ်ကို ဘုရားသခင် ခံစားသလား၊ သင်ခံစားသလား၊ အဓိပ္ပါယ်ရှိအောင် ဖြေကြားပေးပါ။

အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင် ရေလောင်းသကဲ့သို့ဟု ဆိုသောကြောင့် အဆွေသည် မိမိကိုယ်ကို အပြစ်ကင်းသူ သူတော်စဉ်အဖြစ် ထင်ယောင် မြင်ယောင် မိနေသည်ဟု ထင်ပါသည်။ လောကတွင် လော၊ ဒေါ၊ မော နှင့် ကင်းလွတ်းနိုင်သောသူ မရှိသောကြောင့် လူသားတိုင်းတို့မည်သည်ကား ဘုရားမပါပါက အဟိတ်တိရိစ္ဆာန်နှင့် မခြားနား အပါယ်ဘုံသို့ လားရမည့်သူများဖြစ်ကြောင်းကို တရားကို တကယ်လိုက်နာဘူးသူတိုင်း သိကြပါသည်။ တနည်း ပိဋကတ် စကားဖြင့် ဆိုရပါက " ပါပသ္မိံ၊ ရမတေ မနော" ဟု ဗုဒ္ဓဂေါတမ ကိုယ်တော်တိုင်က သတ္တဝါတို့၏ စိတ်သည် မကောင်းမှု၌သာ အစဉ်ညွတ်ယိမ်းလျှက်ရှိသောကြောင့်။ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်ပြုသမျှ၊ ပြောသမျှ၊ တွေးစကြံစည်သမျှတို့သည် ဣဿာ မစ္ဆရိယ ဒေါသ၊ မာန၊ ငါအစွဲ ဆရာအစွဲ၊ လူမျိုးအစွဲ အစရှိသော တဏှာဒိဌိအစွဲတို့ဖြင့်၊ အမြဲဖုံးလွမ်း အုပ်စိုးခြင်းတို့ကို ခံနေရသည်ဖြစ်၍ ၄င်းတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံတို့သည် အကောင်းဖြစ်ဖို့ထက် အဆိုးဖြစ်ဖို့ကသာ များနေပေသည်။ ( လူသောလူဖြစ်ဝါဒနုဝါဒ၊ ဝိနိစ္ဆယ၊ ထေရဝါဒ စွယ်စုံကျမ်း၊ နှာ-၄၈၂)။

ထို့ကြောင့် ပုပုရွရွ လူမှန်သမျှတို့သည် "သူမကယ်နိုင်၊ ငါမကယ်နိုင်" တည်းဟူသော အနေအထားတို့တွင် ဘုရားကို ဖက်စရာမလို၊ ကိုယ်ကျင့်တရားကို အားကိုးစရာ အဖြစ်ထားရန်ပြုခြင်းသည် အဘယ်မျှသော ရယ်စရာဖြစ်ပါသနည်း။ ကြည့်ပါစို့ အောက်ပါနှစ်ချက်သော တရားစကားတို့တွင် အဘယ်မည်သော တရားသည် သင်၏ ကိုးကွယ်ရာဖြစ်ပါသနည်း။

               ၁။ အဇ္ဇတဂ္ဂေပါဏုပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ မြတ်စွာဘုရားကို ကိုးကွယ်ရာအဖြစ် အသက်ထက်ဆုံးဆည်းကပ်ခိုလှုံပါ၏။
            ၂။ အတ္တာဟိ အတ္တနော နာထေ။ မိမိကိုယ်သာ ကိုးစားရာ။

၎င်းတရားနှစ်ပါးတွင် အကယ်၍ အမှတ် ၁ ကိုရွေးပါက အဆွေသည် ဘုရားအားကိုးခြင်းမည်ပြီး။

အကယ်၍ အမှတ် ၂ ကိုရွေးပါက အဆွေသည် ဘုရားကို ပေယျာလကံ ပြုသော သူပင်ဖြစ်သောကြောင့် အကျွတ်တရားလမ်းသည် အဆွေနှင့် အရှေ့နှင့်အနောက် ၊ တောင်နှင့်မြောက်ကဲ့သို့ လုံးဝပင် ဘုရားနှင့် ဝေးကွာသူဖြစ်ယုံသာမက။ ဘုရားမပါသော၊ သို့မဟုတ် ဘုရားကို မဖက်ယမ်း လျှစ်လျှူရှု့သော မိစ္ဆာဒိဌိ ပင်ဖြစ်ပေတော့မည်။

ဤကဲ့သို့သော အခြေအနေတွင် မေတ္တာရှေ့ထား မြတ်ဘုရားက တရားဟောဖေါ်၊ ပြညွန်၍ ကယ်တင်ခြင်းသည် အဘယ်မှာလျှင် အဆိပ်ပင်ရေလောင်း မဖြစ်ယုံသာမက။ ဘုရားတို့၏ ဂုဏ်အင်္ဂါတော်နှင့်အညီ ဘုရားမြတ်အား သာ၍ပင် ကြည်ညိုကိုးစား အားထားစရာပင် ဖြစ်စေ၍ အခြားသော ဝေနေယျ သတ္တဝါတို့အား တဆင့်ဖေါ်ညွန်း၍ ထိုမေတ္တာရှင်ဘုရား၏ စစ်မှန်သော အကျွတ်တရားလမ်းကိုပင် "လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါရှုပါ ကျင့်ကြံပါဟု မပါပါအောင် ခေါ်ဆောင်တိုက်တွန်း တိုက်တွန်းခြင်းငှါ ထိုက်တန်စွာသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပါပေသည်"။ ထိုကြောင့် ဤနေရာတွင် အဆိပ်ပင်ရေလောင်း မဖြစ်သည်သာမက ကျေးဇူးတော် အစုံ ဂုဏ်တော် အနန္တတို့ကိုပင် လှစ်ဖေါ်ပြ၍ အဆွေအားလည်း  အဇ္ဇတဂ္ဂေပါဏုပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဆိုသော စကားအတိုင်း လာရောက်ကိုးစားလှည့်ပါဟု ဖိတ်ခေါ်နေသော အရှင်ပင်ဖြစ်လေတော့သည်။
အဆွေ ဘုရားဟူသည် မေတ္တာတော်အရှင်ဖြစ်တော်မူသည့်အားလျှော်စွာ ဘုရားရှင်၏ လူသားတို့အပေါ်ထားရှိသော ကရုဏာတော်မြတ်သည်ကား အကျွတ်တရားလမ်းကို လမ်းညွန်ဖေါ်ပြ၊ မဂ်လမ်းသို့ ဖောင်ကူးတို့ဖြင့် ဆောင်ပို့ခြင်း ပြုရန် သာဖြစ်သောကြောင့် ကယ်တင်ဖေးမခြင်းသည် ဘုရား အစစ်အမှန် အဖြစ်တော်ကို ထင်ရှားစေသည်။ မကယ်တင်ပဲ "နင်သည် ငါ့ကို အားကိုးသော်လည်း သင့်လမ်းသင့်သွား" ဆိုသော စကားသည်ကား မေတ္တာကင်းခြင်းဖြစ်၍ ဘုရားအဖြစ်တော်တွင် ကိုက်ညီခြင်းမရှိသော အဖြစ်တော်ကို ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြခြင်းသာလျှင်ဖြစ်လေတော့သည်။

၁၅။ ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီး၊ ရေ၊ သစ်ပင်၊ တော၊ တောင်၊ လူ၊ တိရိစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သည်ဟုဆိုသည်။ သို့သော် ထိုထိုသော သက်ရှိတို့ကို အသက်ရှင်ရေးအတွက် ရှုစရာ "လေ" ကို ဖန်ဆင်းခဲ့သည်ဟု ကျမ်း၌ မပါရှိပါ။ ထို့ကြောင့် လေကိုဖန်ဆင်းသည်ဟူသော ကျမ်း၏ စာမျက်နှာအထောက်အထားတို့ဖြင့် ခိုင်ခိုင်လုံလုံသက်သေပြပါ။

ဤနေရာတွင် စာရှုသူအနေဖြင့် သေသေချာချာ စဉ်းစားကြည့်ရန်မှာ ထိုအဖြေအား သမ္မာကျမ်းစာတွင် အဖြေမရှိဆိုသော အပိုင်တင်ကြေးဖြင့် မေးသော်လည်း အကယ်စင်စစ် ၄င်းအဖြေအား သမ္မာကမျမ်းစာတွင် တိကျသော အဖြေလွှာကို ပေးထားသည်ကို ရှင်းလင်းစွာရေးပြပါမည်။ အမှန်တကယ် သမ္မာတရားတရားကို သြွိကမ်းလို၍ မေးသောသူဖြစ်ပါက အသိတရားသက်သက်သာမက ဘဝအတွက် အကျွတ်တရားလမ်းကိုပင် လှမ်းမြင် ရယူပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသည်။  သမ္မာကျမ်းစာတွင် "ထာဝရဘုရားသည် ကောင်းကင်မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကိုပြုတော်မူ၏။ မြေကြီးစွန်းမှ မိုးတိမ်တို့ကို တက်စေတော်မူ၏ မိုးနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတိုက်တော်ထဲက "လေ"ကိုထုတ်တော်မူ၏" ( ဆာလံ ၁၃၅း၆-၇)။
တဖန်"ထာဝရ ဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူပြီ၊ ပညတ်တော်အားဖြင့် မိုးကောင်းကင်ကို ကြတ်တော်မူပြီ၊ ဥာဏ်တော်အားဖြင့် မိုးကောင်းကင်ကိုကြတ်တော်မူပြီ၊ အသံတော်ကို လွှတ်တော်မူသောအခါ မိုးရေအသံဗလံ ဖြစ်စေတတ်၏။ မိုးရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ "လေ"ကိုလည်း ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏" ( ယေရမိ ၁၀း၁၂-၁၃)။

၁၆။ ထာဝရဘုရားသည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာ့ကြောင့် လူ့ဘဝကို ကြမ်းတမ်းစေသနည်း။ မအို၊ မနာ၊ မသေသော ကောင်းကင်နိုင်ငံတော်သို့ အစကတည်းက ဘာ့ကြောင့် မပို့ဘဲ လူသားတို့ကို ဒုက္ခခံစားစေသနည်း။ အနန္တမေတ္တာ၊ ဂရုဏာရှင်ဆိုသော စကားနှင့် ကိုက်ညီအောင် သုံးနှုန်းဖြေကြားပေးပါ။

ဤနေရာတွင်လည်း အဓိက အမေးသည်  အို၊ နာ၊ သေရေးကို ဘာ့ကြောင့် ဘုရားရှင်ဖန်ဆင်းသနည်း ဆိုသော အမေးသည် ဘုရားမြတ်ရှင်တော်၏ အလိုတော် တနည်း ဘုရားမြတ်၏ အလေ့အလာကို မသိသောသူ၏ မိုက်မဲသော အမေးပုစ္စာပင်ဖြစ်ပေသည်။ အကြောင်းအရင်းမှာ သမ္မာကျမ်းစာ တစ်ခုလုံးတွင် လူသားအား ထိုအခြေအနေဖြင့် ဖန်ဆင်းခဲ့ခြင်းမရှိသည်ကို ကမ္ဘာဦးကျမ်း အစကိုဖတ်သည်နှင့် သိနိုင်ပါသည်။ ယခုမေးသော မေးခွန်းသည် အကြောင်းတရားကို သိပါက အလွန်လွယ်ကူသောအရာဖြစ်ပြီး၊ ယခုသော်ကား အကြောင်းတရားကို မသိသောကြောင့် အကျိုးတရားကို ထပ်ကာထပ်ကာ မေးနေသော အမေးဖြစ်ပေသည်။

ရိုးရှင်းသော အဖြေမှာ။
           ၁။ ဖန်ဆင်းစတွင် ထိုအဖြစ်မျိုးမရှိပါ။
           ၂။ အို၊ နာ၊ သေခြင်းကင်းရာ အသင်္ခါရ လူသားအဖြစ်လူသည်ရှိခဲ့သည်။
           ၃။ ဘုရားရှင်အား ထာဝရ ကိုးစား၍ ငြိမ်းအေးသောဘဝကို ပိုင်ဆိုင်နေခဲ့သည်။
           ၄။ မရှိ၊ မလှ၊ မဝ စသော အမင်္ဂလာစကားကို မကြား၊ မသိကြသော အခြေပင်ဖြစ်သည်။
  ထိုဘဝမျိုးဖြင့် လူသားသည် ဘုရားကို လွန်ကျုးသော လုပ်ဆောင်ချက်များက။
            ၁။ တရားတော်ကို အလွဲသုံးစားလုပ်ခြင်း။
            ၂။ ဘုရားထက်လွန်ကျုး မာန်မာနကိုယစ်မူးခြင်း။
            ၃။ ဘုရားကိုဖက်ပြိုင်လိုခြင်း။
            ၄။ ငါမှငါသာ ခိုင်းနှိုင်းလွဲခြင်း။
            ၅။ ကာယကံ၊ ဝစီကံ၊ မနောကံ စသော ကံသုံးပါးဖြင့် ဘုရားကိုစော်ကားခြင်းတို့ပင်ဖြစ်သည်။
ထိုအကြောင်းတရားများကြောင့် အကျိုးဆက်သည်ကား။
           ၁။ ဘုရားစာရေ သင့်ခြင်း။
          ၂။ တရားစာရေသင့်ခြင်း။
          ၃။ အို၊ နာ၊ သေခြင်းကို ရင်ဆိုင်ရခြင်း။
          ၄။ မရှိ၊ မလှ၊ မဝ စသော အမင်္ဂလာကိုရင်ဆိုင်ရခြင်း။
          ၅။ သေသည့်တိုင်အောင် နဖူးကချွေးခြေမထိတိုင်အောင် လုပ်ဆောင်ရခြင်း။
          ၆။ အဆုံးတွင် ဘုရားမဖက်က ငရဲ၌ လမ်းဆုံရမည့်ဖြစ်ခြင်းစသော အကျိုးတရားများကို ခံစားရပေမည်ဖြစ်သောကြောင့် ဤနေရာတွင် အဆွေ၏ အမေးပုစ္ဆာသည် ရှင်းလောက်ပေပြီ။
ပဏ္ဍိတဝေဒနိယ ဒီပဏီကျမ်း မျက်နှာ ၁၇၆၌၊ စိတ်သည် လောကကို ဖန်ဆင်းကြောင်း။ စိတ္တေဿဧကဓမ္မဿ၊ သဗ္ဗောဝသမဒ္ဓဂူ။ ။ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်။

။လောကေ၊ လောကကို။

စိတ္တေန၊ စိတ်သည်။

နိယတိ၊ ဖြစ်အောင်ဆောင်တတ်၏။

ဖျက်လည်း ဖျက်ဆီးတတ်၏။

လောကေ၊ လောကကို။

စိတ္တေန၊ စိတ်သည်။

ပရိကဿတိ၊ ပြုပြင်တတ်၏။

စိတ္တဿ၊ စိတ်ဟူဆိုအပ်သော။

ဧကဓမ္မဿံ၊ တခုသောတရား၏။

ဝသံ၊ အလိုသို့။ သဗ္ဗေဝ၊ အလုံးစုံသော တရားတို့ပင်။

အဒ္ဓဂူ၊ အစဉ်လိုက်ရကုန်၏။


ဤပါဠိတော်လာရှိသည့်အတိုင်း။ စိတ်ကြောင့် လောကဖြစ်ကြောင်း၊ လောကကြီးကို စိတ်သည် ပြုပြင်ဖန်ဆင်းကြောင်းကိုဆိုသော်၊ ဤလောကကြီးသည် ဘယ်သူ၏ စိတ်ကြောင့် ဖန်ဆင်းလျှက် ရှိသနည်း။ ၄င်းစိတ်၏ အလိုကို သိတတ်သော သဘောသဘာဝကား ဘယ်တရားပါနည်း။ ဥတု၌၊ စိတ်ရှိပါသလော။ ထိုသို့ဆိုသော်၊ ဥတုသည်၊ ကြံစည်ခြင်း၊ စီစဉ်ခြင်း၊ ဆင်ခြင်ပိုင်းခြားခြင်း ရှိနိုင်ပါသလော။ ကံ၌လည်း ထိုသဘောများပါပါသလောဟု များစွာစဉ်းစားစရာရှိလေသည်။
လောကဓါတ်မှစ၍၊ လောကဓါတ်၌ရှိလေသမျှသော အရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်။ တမန်တော် ၁၇း၂၄။ အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ ကမ္ဘာဦး ၁း၁ ၄င်းအချက်အတိုင်း ဤကမ္ဘာလောကကြီးကို ဘုရားသခင်၏ စိတ်အကြံတော်အားဖြင့် ဖြစ်ကြောင်း ထင်ရှားလျှက်ရှိလေသည်။

၁၇။ ကိုယ့်ဟာကိုယ်ရှာစားပြီး၊ ဘုရားကျွေးသည်ဟူသော စကား။ မိမိဘာသာစီးပွားရှာ၍ ပြည့်စုံခြင်းကို ဘုရားပေးသည်ဟူသော အဓိပ္ပါယ်ကို ရှင်းပြပါ။ သင်မရှာထားပါက အစားအစာ ရပါမည်လော။ သင်စီးပွားမရှာပါက ပြည့်စုံပါမည်လား။ ထိုသို့ စားရခြင်း၊ ပြည့်စုံရခြင်း အကျိုးတရားတို့တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်ရှိပါသလား။ ရှိပါက ဖေါ်ပြပါ။ ကိုယ့်ဟာကိုယ်ရှာစားပြီး တလွဲကျေးဇူးတင်ရာ ရောက်မနေဘူးလား။ သဘာဝကျအောင် စဉ်းစားဖြေကြားပေးပါ။

အမှန်တကယ်အားဖြင့် ကိုယ်ထူကိုယ်ထ စနစ်ဟူသည် နေရာတိုင်းတွင် အသုံးပြု၍မဖြစ်နိုင်သည်ကို သတိပြုမိပါက အဖြေသည်ရှင်လောက်ပေပြီ။ လက်တွေ့သာဓကကို ပြဆိုရပါက။

ဘုန်းတော်ကြီးကျောင်းတွင်၎င်း၊ စာသင်တိုက်တွင်သော်၎င်း ပြုလေ့ပြုထမဖြစ်မနေ ပြုကြရသည်မှာ .......

ဤသည့်စားဖွယ် အမည်မည်ကို၊

မြူးရွယ်မာန်ကြွ၊ လှပစေခြင်း၊

ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊

လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်သည်၊

ရှည်အောင်တည်လျှက်၊ အပြစ်မသန်း၊

မမောပန်းဘဲ၊ ဘုရားသာသနာ၊

ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊

ဝေဒနာဟောင်းလည်း၊ မဖြစ်စေရ …… (စသည်ဖြင့်) သုံးဆောင်မှီဝဲပါသတည်း။

ဆိုသော ဆွမ်း၊ ကွမ်း၊ သင်္ကန်း၊ ကျောင်းအတွက် ကိုရင်၊ ဥဇင်း၊ ဘုန်းတော်ကြီးတိုင်း ပစ္ဆဝက္ခဏာ စဉ်ခြင်ခြင်း ပြုရသည်ကို သတိရ အောက်မေ့ပါက အသက်ရှင်၍ တည်ရှိတည်နေတော်မူသော တစ်ဆူတည်းသော ဘုရားမြတ်ကို ယုံကြည်သော ဘုရားအနွယ်ဝင် ခရစ်ယာန်သူတော်စဉ်များက အစားအသောက်အတွက် ၊ သွားခြင်းလာခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းသည်  တလွဲကျေးဇူးတင်နေသောသူများမဟုတ် အရှိဘုရားကို ကျေးဇူးအသိတရားဖြင့် ကျေးဇူးတင်နေခြင်းသည် "မိဘစကား နားဝယ်ထား မှားတယ်ဘယ်မကြား" ဆိုသော စကားနှင့်အညီ သာ၍သဘာဝကျသော ဝတ်ရွတ်စဉ်တစ်ခုပါမိတ်ဆွေ။ ဖန်းဆင်းရှင်ဘုရားမြတ်၏ ကျေးဇူးတရားမရှိပါက အဆွေသည် အဘယ်သို့ လူဖြစ်လာစရာ အကြောင်းရှိပါသနည်း။ နောက် ထိုဘုရားမြတ်က ရာသီခွင်များပေးခြင်းမပြုပါက၄င်း၊ ကျန်းမာခြင်းမရှိပါက၄င်း၊ အဘယ်မှာလျှင် ချမ်းသာစွာ သွားလာနိုင်ပါအံ့နည်း။ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ အဟာရ တို့သည် ဘုရားပေးဖြစ်ကြောင့် ပိဋကတ်တွင် ဖေါ်ပြထားသည်ကိုထောက်သော် ဧကန်စင်စစ် ကျေးဇူးသိတတ်သူတိုင်း  အဘယ်မှာလျှင် ကျေးဇူးမတင်ပဲနေနိုင်ပါအံ့နည်း။

၁၈။ ဖန်ဆင်းရှင်သည် ဤကမ္ဘာကိုဖန်ဆင်းသည်ဟုဆိုသည်။ သို့သော် တစ်ခြားတစ်ခြားသော စကြာဝဠာ၊ ဂြိုလ်အသီးသီးမှ ဂြိုလ်သားများ၊ ဤကမ္ဘာသို့ရောက်နေခြင်း၊ ရောက်ရှိလားခြင်းတွေကို သိပ္ပံသုတေသနပြု စာအုပ်များတွင် အထင်အရှားပင် တွေ့မြင်နေရပါသည်။ ထိုဂြိုလ်သားများကို ထာဝရဘုရားဖန်ဆင်းခဲ့သလား။ ဖန်ဆင်းခဲ့သည်ဆိုပါက ကျမ်းအထောက်အထားခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။

၁၉။ ထာဝရဘုရားဖန်ဆင်းသည်မှာ တစ်ကမ္ဘာဘဲဟု သိရပါသည်။ သို့သော် စကြာဝဠာအနန္တဟူ၍ မရေမတွက်နိုင်သော ဂြိုလ်အမျိုးမျိုး၊ ကမ္ဘာအမျိုးမျိုးရှိနေကြောင်း သိပ္ပံစမ်းသပ်မှုတွေ၌ ဖေါ်ပြနေကြသည်ကို အဘယ်သို့ ဖြေရှင်းမည်နည်း။

၁၈ နှင့် ၁၉ အတွက်အဖြေလွှာ။

တကမ္ဘာသော်၎င်း၊ နှစ်ကမ္ဘာသော်လည်းကောင်း အသင်တွေ့မြင်ခြင်းသည် သေချာပါသလား၊ ထာဝရ ဘုရားသည် ရှေးကမ္ဘာ အဆက်ဆက်မှ နောက် ကမ္ဘာ အဆက်ဆက်တိုင်အောင် ထာဝရ တည်ရှိတော်မူသည်ဟု ဆိုပါသည်။ ဤကား သမ္မာကျမ်းစာ၏ အပြောနှင့် အဆွေ၏ အပြောသည် ရှေ့နှင့်နောက် မညီသောကြောင့် တတ်ယောင်ကား လုပ်ခြင်းသည် လွန်စွာအပြစ်ကြီးလှပေသည်။
သိပ္ပံပညာသည် သမ္မာကျမ်းစာကိုသာ အခြေခံ၍ လုပ်ဆောင်နေသည်ကို ထောက်သော် သိပ္ပံသည်အဘယ်သို့ ကျမ်းစာအား သာလွန်နိုင်အံ့နည်း။ ဤကဲ့သို့သော မေးခွန်းမျိုးသည် ရုပ်ဝါဒီတွေကသာ မေးလေ့မေးထရှိပါသည်။ အထူးသဖြင့် ကွန်မြူနစ်ဝါဒီတွေရဲ့ လက်သုံးစကားလုံးဖြစ်ပါသည်။"ပါဠိပညာရှင် မစ္စတာရိုင်း ( စ်) ဒေးဗစ်၏ ရေးသားချက်ကို ကျွန်ုပ်ဖော်ပြလိုပါ၏….။

ဗုဒ္ဓဘာသာသည် ဘယ်အခါကမှ ရုပ်ဝါဒမဟုတ်ခဲ့သော်လည်း နောက်ကာလ၌ ဘဝသံသရာနှင့်စပ်လျှဉ်း၍ အမြင်ကျဉ်းမြောင်းလာကာ ရုပ်ဝါဒီအဆင့်အတန်း ဆင်ခြင်တုံတရားကိုသာ အခြေပြုသော ဝါဒအဆင့်အတန်းသို့ကျဆင်းလာ၏။

( ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ၊ ပ၊ ဦးအေးမောင်၊ နှာ-၂၃)။

အကယ်စင်စစ် သိပ္ပံပညာရှင်များက " ဂြိုလ်သား" ကိုဖမ်းမိထားပြီဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်ရှိ သုတေသန ပညာရှင်များလာရောက်စမ်းသပ် စစ်ဆေးနိုင်ပြီဖြစ်ကြောင်းဟူ၍ စိန်ခေါ်လိုက်နိုင်သည့်တိုင်အောင်၊ အဆိုပါ ဂြိုလ်သားနှင့် သမ္မာကျမ်းစာသည် ဆန့်ကျင်ဘက်ဖြစ်စရာ အကြောင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်သော အရာ ဤလောကတွင်တစ်စုံတစ်ခုမျှ မရှိဟု ဆိုထားသောကြောင့် အထူးရှုပ်ထွေးစရာ မရှိပါပေ။ တကယ်တော့ သစ်ပင်ရဲ့အနှစ်ဆိုတာ သစ်ပင်ရဲ့အသားအတွင်းထဲမှာ တည်ရှိတာပဲ။ ဘာသာတရားရဲ့ ဆောင်စရာအလင်းဟာလည်းလာဘ်၊ ဂုဏ်၊ အကျော် အစောလည်း မဟုတ်၊ သီလလည်းမဟုတ်၊ ဈာန်လည်းမဟုတ်၊ တန်ခိုးဣဒ္ဓိလည်းမဟုတ်ဘဲ ``အရိယသစ္စာအမြင်´´  သူတော်ကောင်းတို့မည်သည် ဘုရား၏ စကားတော်အတိုင်းသာ အမှန်အတိုင်း ရိုးရာ၊ ဓလေ့၊ ဘာတွေဖြစ်နေဖြစ်နေ သမ္မာတရားကို ရှေ့တန်းတင်သော သူများပင်ဖြစ်သည်တကား။

၂၀။ သိပ္ပံစမ်းသပ်မှု၏ တိုးတက်တွေ့ရှိချက်တွေ ဖြစ်ပေါ်လာတိုင်း ထာဝရဘုရား၏ ဖန်ဆင်းမှုဝါဒတွေကို ငြင်းဆန်နေသကဲ့သို့သက်ရောက်နေပါသည်။ ထို့ကြောင့် သိပ္ပံပညာက မှားနေသည်ဟု ပြောမလား၊ ဖန်ဆင်းရှင်ဝါဒက မှားသည်ဟု ပြောမလား၊ အဓိပ္ပါယ်ရှိရှိငြင်းချက်ထုတ်ပြပါ။

သမ္မာကျမ်းစာထဲမှ မည်သည့် မိန့်ဆိုချက်မဆို အပြင်လောကနှင့်၎င်း သိပ္ပံနှင့်၎င်း ကွဲပြားခြားနားလျှက်ရှိကြောင်းကို ကျမ်းအမည်၊ အခန်းကြီး၊ အခန်းငယ်ဖြင့် ဖေါ်ပြပါက အဖြေပေးရန်မှာသာ၍ လွယ်ကူသော်လည်း ပေးမထားသောကြောင့်သမ္မာကျမ်းစာသည် လွဲမှားစရာ မရှိပါကြောင်း ပြောဆိုဖြေပေးလိုက်ပါရစေ။
တလက်စတည်း ဘာသာရေးဆိုင်ရာ ကျမ်းအဆိုအမိန့်မျှားနှင့် သိပ္ပံပညာဆိုင်ရာတွေ့ရှိချက်များကို နှစ်ဘက်နှစ်လမ်းဖေါ်ပြထားမှသာလျှင် ကျမ်းလေ့လာဆည်းပူသူများအတွက် မိမိကိုယ်ပိုင်ညာဏ်ဖြင့် ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါသည်။
ဥပမာပြုကြပါစို့…………….။
ဗုဒ္ဓပိဋကတ်ကျမ်းက ထိုဘုရားလောင်းယုန်မင်း၊ မျောက်၊ မြေခွေး၊ ဖျံ သတ္တဝါသုံးဦးနှင့် တကွ အလှူပေးမည်နေစဉ်၊ ပုဏ္ဏားအသွင်ဖြင့် သိကြားမင်းအလှူခံလာသော်၊ ယုန်မင်းမီးဖိုထဲသို့ဆင်း၍ ကိုယ်ကိုစွန့်လှူသည်။  သိကြားမင်းအားနုဘော်ကြောင့် မီးမပူ၊ သိကြားမင်းသည် ကမ္ဘာပတ်လုံး ကျေးဇူးထင်ရှားစေဟု တောင်တစ်ခုကို အဆီညှစ်၍ တောင်ဆီဖြင့်လတွင် ယုန်ရုပ်ရေးပြသည်ကို စတုတ္ထနိပါတ်၌ တွေ့ရလေသည်။     (ငါးရာ့ငါးဆယ်သိမှတ်ဘွယ်ရာ၊ နှာ ၁၉၀၊ ဦးအေးချို မဟာဝိဇ္ဇာ)  အများထဲမှ ထိုတစ်ခုအား သိပ္ပံပညာဖြင့် တင်ပြရမည်ဆိုပါက။ လမျက်နှာပြင်ပေါ်မှာ မြင်တွေ့ရသော အမည်းရောင်ပုံရိပ်များတို့သည် ယုန်ရုပ်ကို တောင်ဆီဖြင့် ပန်းချီရေးဆွဲထားခြင်းမဟုတ်ချေ။ လပေါ်မှာ ရှိသောချောက်ကမ်းပါး၊ ချိုမ့်ဝှမ်းများတို့၏ မှောင်ရိပ်မည်းများသာဖြစ်သည်ဟု သိပ္ပံပညာဆိုင်ရာတွေ့ရှိချက်တွင်ဖေါ်ပြထားလေသည်။ ယနေ့ အတန်းစာများတွင်လည်း တွေ့မြင်ဖတ်ရှုနိုင်သလို၊ စာသင်ကျောင်းသားသူငယ်များ၏ စာရွတ်သံကိုလည်း နားစွင့်နိုင်ပေသည်။

တဖန် ဤကမ္ဘာမြေကြီးသည် ဘောလုံး၊ လိမ္မော်သီးများကဲ့သို့ အလုံးမဟုတ်၊ တပါးသော လောကဓါတ်တို့နှင့် ကမ္ဘာမြေပြင်ကြီး၊ ကမ္ဘာရေပြင်ကြီး၊ လေပြင်ကြီးတို့သည် တဆက်တည်း၊ တခုတည်း၊ တပြင်တည်း တည်ရှိကြကုန်သည်ဟု အမှန်မုချသိအပ်လှ၏။ ဤကမ္ဘာမြေကြီးသည် နေ၊ လ၊ နက္ခတ်တာရာတို့ကဲ့သို့ ကောင်းကင်ယံ၌တည်သည်လည်းမဟုတ်၊ လှည့်လည်ရွှေရှားသွားနေသည်လည်းမဟုတ်၊ ကမ္ဘာရေပြင်ကြီးအပေါ်၌ အမြဲတည်နေသည်ဟု အမှန်မုချသိအပ်လှ၏။

နေသည်မြင့်မိုရ်တောင်ကြီးကို အစဉ်အမြဲလှည့်လည်၍နေသည်အတွက်ကြောင့် လေးကျွန်းလုံးတို့၌ နေ့အခါ၊ ညဥ့်အခါဟူ၍ ခြားနားချက်ရှိသည်ကို အမှန်သိအပ်သည်။ ညဥ့်အမှောင်သည် အဘယ်မှာဖြစ်သနည်း ဆိုသော် နေရောင်ကိုကွယ်ကာနှိင်သော မြင့်မိုရ်တောင်ကြီးမှဖြစ်၏။ မြင့်မိုရ်တောင်ရိပ်ကြီးပင်တည်းဟု အမှန်အားဖြင့် သိအပ်၏။ ဤကားနေသည်မြင့်မိုရန်တောင်ကြီးကို အမြဲလှည့်လည်၍နေရာ၌ ပါဠိသက်သေ ယုတ္တိသက်သေများပင်တည်း။

( သာသနာဝိသောဓနီကျမ်း၊ နှာ၊ ၁၆၇-၁၇၀။ လယ်တီဆရာတော်ဘုရားကြီး)။

ဤနေရာတွင် အသင်သည် သိပ္ပံကို ယုံမည်လား၊ သို့မဟုတ် မျောက်မှဆင်းသက်သည်ဆိုသော အဆိုကိုယုံမည်လော၊ သို့မဟုတ် သိပ္ပံနှင့် မညီသော ဂေါတမဝါဒကို ၊ သို့မဟုတ် ဖန်ဆင်းသည်ဆိုသော ထာဝရဘုရား၏ လမ်းစဉ်ကို ယုံမည်လော ယခုပင်ဆုံးဖြတ်လိုက်ပါတော့။