ကမ္ဘာမိုးမြေကိုပြုပြင်စီရင်သောအရှင်မရှိဟူ၍ ယူသောသူတို့ကို ပြခြင်းအကြောင်း။
ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော၊ စီရင်ပြုပြင်သောအရှင်မရှိဟု ယူဆသော အယူဝါဒသည်၊ ယခုရှင်၊ လူ၊ ရဟန်းတို့သာလျှင် ယူဆကြသည်မဟုတ်။ရှေးရှေး အထက်ကပင်၎င်း အယူကို ယူသောသူတို့အများရှိကြလေသည်။
ထိုကဲ့သို့သော အယူကို ပိဋကတ်ကပြဆိုသည်မှာ အဟေတုကဒိဌိဟူ၍ အင်္ဂုတ္တရအဌကထာ၊ အင်္ဂုတ္တရဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တွင် ပြဆိုသည်။ ပြဆိုသော ပါဠိကို ဖေါ်ပြဦးမည်။ ။ နတ္ထိအယံလောကော၊ နတ္ထိဟေတုကပစ္စယော၊ သတ္တနံဝိသုဒ္ဓိယာ၊ သံကိလေသာယ၊ အဟေတုက ဒိဌိယာနာမ။ ။
မြန်မာလိုပြန်ရလျှင်။ ။
- အယံလောကော၊ ဤလောက၌၊
- နတ္ထိ၊ ပြုပြင်စီရင်သောသူမရှိ။
- သတ္တာနံ၊ သတ္တ၀ါတို့ကိုလည်း၊
- သံကိလေသာယ၊ ပူပန်ဆင်းရဲစေခြင်းငှါ၎င်း။
- ၀ိသုဒ္ဓိယာ၊ သန့်ရှင်းဖြူစင်စေခြင်းငှါ၎င်း၊
- နတ္ထိဟေတုနတ္ထပစ္စယော၊ အကျိုးအကြောင်းတို့ကို ပြုပြင်စီရင်သောအရှင်မရှိဟု ယူခြင်းသည်။
- အဟေတုကဒိဌိယာနာမ၊ အဟေတုကဒိဌိမည်ကုန်၏။ ။
အဓိပ္ပါယ်ကား ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသော လောကဓါတ်တို့ကို ပြုပြင်စီရင်သော အရှင်မရှိဟု ယူခြင်း၊ ထိုလောကဓါတ်ပေါ်၌ ရှိသော သတ္တ၀ါပုဂ္ဂိုလ်တို့ကို ညစ်ညူးစေခြင်းငှါ၎င်း၊ သန့်ရှင်းစေခြင်းငှါ၎င်း။ ပြုပြင်စီရင်သော အရှင်မရှိဟု ယူခြင်း။ ထိုကဲ့သို့သော ယူခြင်းကို အဟေတုကမိစ္ဆာဒိဌိဟူ၍ ခေါ်ဆိုသည်။ ဤကား ပိဋကတ်ကျမ်းလာ စကားတော်ပင်ဖြစ်သတည်း။